Aug 31, 2011

Blog Day 2011 အမှတ်တရ

ကျနော် ဘလော့စရေးတော့ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်ပါ... ခု ဆို ၄ နှစ်နီးပါး ရှိပြီပေါ့...

ကိုယ့်ကိုယ်ကို ဘလော်ဂါတယောက်ပါ-လို့ ပြောနိုင်အောင်ကလည်း blogspot.com မှာ အကျွမ်းတ၀င် ဖြစ်နေခဲ့ပြီး post တွေ ရာကျော်အောင် ရေးပြီးမှသာ... ပြောရဲခဲ့တာပါ...

သို့သော်လည်း... မြန်မာ ဘလော့ဂါတွေ အကြောင်းကို ကျနော်က သိပ်မသိသူပါ... ဘာလို့ဆို.... ယေဘုယျ မြန်မာဘလော်ဂါတွေလို ကျနော်က ဘလော့-ဆိုတာကြီးကို တွေ့ဆုံ ဖက်တွယ် ချစ်ခင် ရင်းနှီး သံယောဇဉ်ကြီးခဲ့ရတာမျိုး မဟုတ်လို့ပါ...

တကယ်ဆို ၃ နှစ်ကျော် ဘလော့ဂင်းခဲ့ အပြီးမှာ... ကျနော် ဘာတွေရခဲ့လဲ-လို့... ကိုယ့်ဘာသာ ပြန်မေးခဲ့ဖူးပါတယ်...

ကျနော့် ဘလော့ကို ဘာဆုလဲမသိပေးမယ့် စာရင်းထဲထည့်တာ ကြုံဖူးပါတယ်... ကျနော် သွားပြောခဲ့တယ်... အဲသည်စာရင်းထဲက ကျနော့်ကို ဖယ်ပေးပါ-လို့...

ကျနော် ဘလော့ရေးတာ... ကျနော့်အတွက် ကျနော်ရေးတာပါ... (အင်း... အငြင်းအခုန်တွေ ဖြစ်မှာ စိုးလို့... ကျနော် ရေးခဲ့ဖူးသမျှ ဘလော့နဲ့ ပတ်သက်တဲ့ လင့်တွေကို နောက်ပိုင်းမှာ စာရင်း လုပ်ထားပေးပါ့မယ်...)

တခါတခါ စိတ်ကောင်းဝင်တဲ့အခါ... အကြည်ဓါတ်ကလေးတွေ ရွာတဲ့ ပို့စ်တွေ ကျနော် ရေးတယ်...

တခါတခါ အညှီဓါတ်တွေ ကျနော့် လက်ပေါ် နံဟောင်တဲ့အခါ... ဆဲစာတွေလည်း ကျနော်ရေးတယ်... (ခုတော့ ခင်ဗျားတို့တွေ မမြင်ရပါဘူး... ကျနော်က blogspot.com မှာ draft ပြန်လုပ်ထားလို့ပါ...း)

------------------------------------------------------------------------------------
ကျန်တဲ့... ဘလော်ဂါတွေတော့ ဘာလို့ ဘလော့ရေးကြလဲ.... မသိပါဘူး... ကျနော်ကတော့ ခံစားရလို့ ရေးပါတယ်... ရေးတိုင်းလည်း စိတ်ထဲရှိတာ ရေးပါတယ်... ကျနော့် ရေးတဲ့ စာတွေကြောင့်... ကျနော့်ကို... လူ အထင်ကြီးခြင်း သေးခြင်းကို စိတ်ထဲမှာကို မရှိတာပါ...
ကျနော့်ကို ဘလော့က စာတွေဖတ်ပြီး ချစ်တဲ့သူတယောက်က ကျနော် စိတ်နောက်နေတဲ့အခါ တကယ်ကြီး အနားမှာ လာအားပေးပါ့မလား... (နိုးဝေးလေ... ကျနော် သိတာပေါ့....း)

ခု ရေးနေတာကလည်း တကယ်တော့ ကျနော် ရေးချင်လို့ ရေးနေတာ မဟုတ်ဘူး... ကိုအောင့်ကြောင့်ပါ...

ကျနော့် ဘလော့မှာ ကျနော် စာတွေ မရေးတာ အတော်ကြာနေပါပြီ... ခုက ကိုအောင့်ကြောင့် ကြိုးစားရေးလိုက်တာပါ...
--------------------------------------------------------------------------------
ဘလော့နဲ့ ပတ်သက်သမျှ ကျနော် ရေးထားဖူးတာလေးတွေကို အောက်မှာ စာရင်းတို့ထားလိုက်ပါတယ်...
ဖတ်ချင်လည်း ဖတ်... မဖတ်ချင်လည်း ရပ်...

(၂) နှစ်ပြည့် အကြို မှတ်တမ်း


ဘလော့တထောင်၊ ဆောင်သင့်သည်များနဲ့ ရပ်တန့်သွားသောစာမျက်နှာများ



အဖြူရောင်တခုအတွက် ကျနော် ပြန်လာခဲ့တယ်


ရင်ထဲရှိတဲ့ မှတ်တမ်း

ပျောက်ဆုံးသွားသော ဥယာဉ်မှူးသို့

အနုပညာသမားများအကြောင်း တစေ့တစောင်း

တက်ဂ်လို့ရေးတဲ့စာ-၈ (သို့မဟုတ်) ကျနော်တွေ့ဖူးချင်သူများ

တက်ဂ်လို့ရေးတဲ့စာ-၅

တက်ဂ်လို့ရေးတဲ့စာ-၎

တက်ဂ်လို့ရေးတဲ့စာ-၁



ကံအကောင်းဆုံးလူတယောက်ရဲ့ဖွင့်ဟ ၀န်ခံချက်


ဘယ်သူ့ကိုမှ မတွေ့ချင်တော့ဘူး

ပြန်စီကြည့်မိသောခြေရာများ

အပြုံးကိုဆောင်ပြီး နှလုံးသားကို အလှဆင်ကြပါ


ကမ္ဘာထဲက ဘလော့။ ဘလော့ထဲက ကျနော်တို.


ဘ၀ဆိုတာ တိုတိုလေး ချိုအောင်နေကြ

အပြုံးကိုဆောင်ပြီး နှလုံးသားကို အလှဆင်ကြပါ

ကမ္ဘာထဲက ဘလော့။ ဘလော့ထဲက ကျနော်တို.

atn

Aug 23, 2011

သတိရတယ်... အင်ဒရီယာ...













မေ့လျော့ခြင်းနဲ့ပဲ သတိရနေမှုကို လှလှပပကြီးကို ထုဆစ်ခဲ့တယ်... အင်ဒရီယာ...
တို့ နှစ်ယောက်ကြားက အထီးကျန်နေမှုကို သိပ် မကျယ်လောင်နေစေနဲ့...
နေသာတဲ့ နေ့တွေမှာ ကျီးတွေ အာသလိုမျိုး... ဆူညံယောက်ယက်ခပ်နေအောင် လွမ်းခဲ့တယ်...
ဝေဒနာဆိုတဲ့ လက်ဆွဲခြင်းကို ညာဖက်လက်မှာ လေးလေးပင်ပင် ဒယဥ့်တိုက် ဆွဲလို့... တမ်းတခြင်းဈေးတန်းထဲ... ခေါင်းပေါက်အောင် ဒေါင်းတောက်ခဲ့ပါတယ်... အင်ဒရီယာ...
နင် ဘယ်မှာလဲ... နင် ဘယ်မှာလဲ... ဘိုဘိုဟန်-သီချင်းကို... ဟစ်...
ဈေး မဆစ်တော့ဘူး... အင်ဒရီယာ... ရရာ ဈေးနဲ့သာ ၀ယ်ပါရစေ...
ပျော်ရွှင်မှုများကိုသာ... ငါ့အား ရောင်းပါ့...
အဲသလို ပြဇာတ်ဆန်ဆန် စကားတွေ ပြောမယ်... အင်ဒရီယာ...
ပင်လယ်ရဲ့ အဆုံးကို... ရူးရူးနှမ်းနှမ်းနဲ့... မိုက်မိုက်ကန်းကန်း လိုက်ရှာနေမိတဲ့ မြစ်ဟာ... ငါပေါ့ ... အင်ဒရီယာ...
ဒေ၀ါလီ ခံတော့မယ့် သစ်ခွတွေကိုမှ...
ကြွေးဟောင်းဆပ်နေရတဲ့ အထီးကျန်ဥယာဉ်ကြီးထဲမှာ ... လှလှပပကြီးကို ပျိုးမိတာ.... ငါ့မိုက်မဲမှုပါလို့....
လူမိုက်ကြီး တချို့... တီးတိုး အတင်းအဖျင်း... သတင်းစာရှင်းလင်းပွဲ .... လုပ်ကြလေဦးမလား...
ဘယ်လိုပဲ ဖြစ်ဖြစ်... ဖိနပ်စီးမထားတဲ့ အချစ်ဟာ
လက်ဝှေ့ကြိုးဝိုင်းထဲမှာ.... နင့် ရီးစားဟောင်းတွေနဲ့ ရန်ဖြစ်တယ်... အင်ဒရီယာ..
မနေ့ညက သောက်ခဲ့မိတဲ့ ၀ိုင်တွေဟာ.... အဆိပ်တွေလို မချိုဘူးလို့...
ရွှေတိဂုံဘုရားရဲ့ အင်္ဂါထောင့်တိုင်းမှာ.... မူးမူးရူးရူးနဲ့.... ရေရွတ် ရေးထိုးမယ်...
အကုသိုလ်တွေ အထပ်ထပ် တိုးလည်း.... ငါက မမှုတော့...
ပြီးတော့.... ငါ့ အခန်းနံရံတွေမှာ..... ရန်သူစာရင်းကို... အကြွေးစာရင်းတွေလိုမျိုး.... ကပ်ထားမယ်... အင်ဒရီယာ..
အမှတ်တရတွေကို ... အမှုမဲ့ အမှတ်မဲ့လိုလို .... မှတ်မှတ်ရရ တမင်တကာ ရည်ရွယ်ချက်ရှိရှိ
အစီအစဉ်တကျ မေ့လျော့နေရတာကိုကလည်း.....
အမေ့ အိမ်ပေါ်ကနေ..... အမြင်ကပ်ကပ်နဲ့..... အဖေက ကန်ချလို့..... ခေါင်းနဲ့ ဆင်းရသလိုမျိုး....
ကိုးယိုးကားယားနိုင်တယ်... အင်ဒရီယာ..
အ၀တ်တထည် ကိုယ်တခုနဲ့ လမ်းမပေါ်မှာ.... ကဗျာဆန်ဆန် မျက်နှာငယ်နေလိုက်ရပုံများ... အင်ဒရီယာရယ်...
လုပ်ချင်တာတွေကို လုပ်ပြီးသွားတဲ့..... ပျားရေဓါးသွားပေါ်မှာ
မလုပ်ချင်တာတွေကိုလည်း..... ဘယ်တော့မှ..... ငါ မလုပ်ဘူး... အင်ဒရီယာ...
လိမ်လိမ်မာမာ မိုက်မဲနေသူဟာ... ဟောသည့် ကမ္ဘာကြီးမှာ..... ငါတယောက်တည်း ရှိရဲ့...
ဓါးသွားထက်က ပျားရည်စက်ကို.... ငါ လျက်မယ် ထင်သလား...
ဒဏ်ရာရထားတဲ့ ခြင်္သေ့တကောင်လိုပဲ..... ငါ့အနာတွေကို.... ငါ့လျှာနဲ့ ငါလျက်မယ်... အင်ဒရီယာ...
ခုညတော့.... အပြာရောင် ဒိန်ခဲ တချပ်ကို ..... အမှုမဲ့အမှတ်မဲ့ ပါးပါးလှီးစား...
ပြီးတော့မှ... ငါ သတိရမိသွားတာ နင်ပေါ့... အင်ဒရီယာ...
နင်သာ....
ငါ့ရဲ့ အလှအပဆုံး အနက်ရှိုင်းဆုံး ဒဏ်ရာ..
အင်ဒရီယာ...

atn

Aug 16, 2011

ပြဇာတ်




















ဇာတ်ညွှန်း လွဲ... သရုပ်ဆောင် ညံ့... ဒါရိုက်တာ အရူး...
မြေပုံကျပျောက်... ဘယ်ဘူတာ ဆိုက်မလဲ... အမေးအမြန်း မထူနဲ့... သံလိုက်အိမ်မြောင်တခု ဆောင်ထားမှ...
လမ်းဆုံးရင်း ရွာတွေ့... (သေရွာ)... သေပြီ-ဆရာပဲ...
ကိုယ့်မြင်းနဲ့... ကိုစိုင်းနဲ့... (လက်တွေလည်း လေထဲကို မြှောက်လို့)...
ရွာရိုး ကိုးပေါက်ပဲ ရှိသေး... ဆယ်ပေါက်ပြည့်အောင်... အင်း... ...
ကိုယ့်လှေနဲ့.... ကိုယ် ထိုး... (ကိုယ့်မျက်နှာကို ကိုယ့်လက်သီးနဲ့ ...) ....
ခရီး မဆုံးခင် လှည့်ပြန်လား... ပြန်ရဲ့...
မှတ်တိုင် မရောက်ခင် ဆင်းလို ဆင်းလား... ဆင်းရဲ့...
(မသာ) ရထား စီးပြီး ဘူတာပျောက်သလား... ပျောက်ရဲ့...
ကြယ်ကြည့်ပြီး ရွက်လွှင့်မိတဲ့ပင်လယ်... ကြယ်တွေထက်ကို ကျယ်နေပါပေါ့...
မှတ်ပြီလား... ဟင်... ... ပင်လယ်ကို ရှာမယ်ဆို... ခုတော့ ဘာတတ်နိုင်သေးလဲ... (အန္ဓ... ... )...
ရေဒီယိုထဲက... ခဏခဏ လာလာနေတဲ့ ရော့ခ်သီချင်းလို...
ဘ၀က ဘေ့စ်သံတွေ တဒုန်းဒုန်းနဲ့...
အုံးအုံးကြွက်ကြွက်ကြီးကို... တက်တက်စင်တွေ လွဲလို့...
လေကလေး ဘာလေး ချွန်လိုက်ပါဦးလား... (ကိုယ်တော်... ...)
မချွန်တတ်ရင်လည်း ခဲတံတွေ ဘာတွေ... ချွန်... (သားတော်... ... )
ရွပ်ရွပ်ချွံချွံ ဆုံးရှုံး လွဲမှားမှုများကို... တရားပြဖို့တော့...
ဘယ်သောအခါမှ မကြိုးစားလေနဲ့... (ခမည်းတော်... ...)
ဘုရားကျောင်းကို မျက်စောင်း ချွန်ချွန်နဲ့ အချက် နှစ်ဆယ်လောက် ထိုးပစ်ခဲ့တယ်...
သောက်မြင်ကပ်မှုပါ... တခြား ဘာအကြောင်းမှ မရှိပါ ... (အာမင်... )
သည်နေ့ကတော့ သမိုင်းတင်မယ့်နေ့...
(အရှေ့ကနေ နေထွက်တယ် ဂျီးဒေါ်ရေ့... ဘယ်လိုလုပ်ကြမလဲ... ကျုပ်တို့ ကမ္ဘာကြီးမှာ... )
ကျူးကျော်ရပ်ကွက်ဈေးထဲမှာ နားစွန် နားဖျား ကြားမိတာလေးပါ...
ကျုပ်လည်း ဘုရားမှာ ဂုဏ်တော် ကိုးပါးကို ပုတီး စိတ်ဦးမှ ဖြစ်မှာပါ...
(လူတကာ ကြားအောင် ကျယ်လောင်စွာ ပြောရင်း...
လက်ထဲမှ အပြာစာအုပ်ကို ခပ်အုပ်အုပ်ကလေး ဖွက်ကာ...
တပ်ထောင်တာ ဗိုလ်ထုရှေ့မှာ ဗိုလ်ရှုသဘင်ခံသော မျက်နှာဖြင့်...
ခေါင်းကိုမော့လျက်... လူအများ ရှေ့မှ... ၀င့်ကြွားစွာ...
တလှမ်းချင်း ထွက်ခွာသွားရင်း
ကိုယ့် ပုဆိုးစ ကိုယ်နင်းကာ ချော်လဲစေ...)
ဤတွင်...
တခန်းရပ်ပြဇာတ် ပွဲပျက်၏... ...

atn

Aug 13, 2011

မဟင်္သာ ဖတ်ဖို့ စာ...





















တခါတခါ စဉ်းစားကြည့်ဖူးရဲ့လား... မဟင်္သာ... အဲသည်လို ပါးပါးလေးနဲ့ ဖြည်းဖြည်းလေး ဖြာကျလာနေတဲ့ မနက်ခင်း နေရောင် ၀ါဝါကလေးထဲမှာ မဟင်္သာအတွက် ကျနော့် အလွမ်း အစအနတွေ ဘယ်လောက် အတိုင်းအဆအထိ ပျော်ဝင်နေသလဲဆိုတာ... သိပါသလား မဟင်္သာ... ကျနော့်မှာတော့ ရှိရှိသမျှ အရာတွေအားလုံးကို စိတ်တန်ခိုးအစွမ်းနဲ့ အလွမ်းတွေပဲ တပ်ဆင်နေမိပေါ့ မဟင်္သာ...
သည်မှာ... မဟင်္သာ... ဟိုးတနေ့ကလည်း မဟင်္သာရဲ့ အသံစွာစွာကလေးတွေကို ကျနော် ထည့်သိုသိမ်းဆည်းပွေ့ပိုက်ထားခဲ့မိတဲ့ စုဗူးအပြာရောင်ကလေးဟာ သစ်ခွ အပြာတပွင့်လို ပွင့်တယ်... နိုင်လွန်ကြိုးတပ် ဂစ်တာတလက်ကနေ ဂီတသံတွေ လွင့်လာသလိုပ...
ကျနော့် ပြူတင်းတံခါးကို ဖွင့်လိုက်မိတဲ့ အခါတိုင်း ရှိရှိသမျှ အရာအားလုံးဟာ မဟင်္သာကို သတိရနေစေတယ်... နှင်တံ တခုခုနဲ့များ တယုတယ တို့ပြုထားလေရော့သလား မဟင်္သာ... လေရိုင်းတို့ ကခုန်ရာ... အဲသည်ကွင်းပြင်ထဲမှာကို ကျနော့်ကို ပြုစားလိုက်ပါ့ မဟင်္သာ... သံသရာ တခုလုံး မဟင်္သာအနားမှာ ပြုံးပြီး ကျနော် ပျော်ရွှင်နေပါ့မယ်... ကျနော့် ပန်းခင်းလေးထဲမှာ အနမ်းပန်းတပွင့် မဟင်္သာအတွက် ပွင့်နေခဲ့ပြီ... ခူးဆွတ်ပါ့.. ဆင်မြန်းပါ့... ပန်ဆင်ပါ့... ယုယပါ့... နွေးထွေးပါ့... မဟင်္သာ... နေ့တွေ ညတွေကို ကျနော် မသိတော့ဘူး... ကျနော် သိတာ မဟင်္သာကို ချစ်တာပဲ သိတယ်... မဟင်္သာရှေ့မှာ ကျနော် ဒူးတုပ်တဲ့အခါ အချစ်တွေနဲ့ ကျနော့်ကို ချုပ်နှောင်လိုက်ပါ မဟင်္သာ... သတိရလာတဲ့အခါတိုင်း ဟင်္သာ-ဆိုတဲ့ စာလုံးကို ကျနော် တခါစီ တခါစီ ရေးမယ်... ကျနော့်ကို မဟင်္သာရဲ့ အပြုံးကလေးတွေကိုပဲ စာအုပ် တအုပ်အဖြစ် ပေးပါ့ ... အဲသည် စာအုပ်ကလေးကို မဟင်္သာ ဖွင့်လိုက်တိုင်း စမ်းချောင်းလေး တခု စီးထွက်လာမယ်... ကျနော် အာမခံတယ် မဟင်္သာ...

atn

Aug 10, 2011

မျိုးဆက်၊ ဗိုလ်မုန်တိုင်းနှင့် အချေအတင်
















မုန်တိုင်းတိုက်နေပြီဆိုတာ ကျနော်သိတာပေါ့... ဗိုလ်မုန်တိုင်း...
မုန်တိုင်းတိုက်နေတဲ့ ဘ၀ထဲမှာ ကျနော့် အဖိုးက အိမ်ထောင်ရက်သားကို မုန်တိုင်း တိုက်သလို ကျ...
နောက်မုန်တိုင်းတစင်းဖြစ်လာရမယ့် ကျနော့်အဖေကို မုန်တိုင်းတွေလို ကျနော့် အဖွားအား မွေးဖွားကြီးပြင်းစေခဲ့တယ်...

မုန်တိုင်းတိုက်နေပြီဆိုတာ ကျနော်သိတာပေါ့... ဗိုလ်မုန်တိုင်း...
မုန်တိုင်းတိုက်နေတဲ့ ဘ၀ထဲမှာ ကျနော့် အဖေက အိမ်ထောင်ရက်သားကို မုန်တိုင်း တိုက်သလို ကျ...
နောက်မုန်တိုင်းတစင်းဖြစ်လာရမယ့် ကျနော့်ကို မုန်တိုင်းတွေလို ကျနော့် အမေအား မွေးဖွားကြီးပြင်းစေခဲ့တယ်...

မုန်တိုင်းတိုက်နေပြီဆိုတာ ကျနော်သိတာပေါ့... ဗိုလ်မုန်တိုင်း...
မုန်တိုင်းတိုက်နေတဲ့ ဘ၀ထဲမှာ ကျနော်ကိုယ်တိုင်က အိမ်ထောင်ရက်သားကို မုန်တိုင်း တိုက်သလို ကျ...
နောက်မုန်တိုင်းတစင်းဖြစ်လာရမယ့် ကျနော့်သားကို မုန်တိုင်းတွေလို ကျနော့် မဟေသီအား မွေးဖွားကြီးပြင်းစေခဲ့တယ်...

မုန်တိုင်းတိုက်နေပြီဆိုတာ ကျနော်သိတာပေါ့... ဗိုလ်မုန်တိုင်း...
မုန်တိုင်းတိုက်နေတဲ့ ဘ၀ထဲမှာ ကျနော့် သားက အိမ်ထောင်ရက်သားကို မုန်တိုင်း တိုက်သလို မကျစေချင်တော့ဘူး...
နောက်မုန်တိုင်းတစင်းဖြစ်လာနိုင်မယ့် ကျနော့်မြေးကို မုန်တိုင်းတွေလို ကျနော် မမွေးဖွားစေချင်တော့ဘူး... ဗိုလ်မုန်တိုင်း...

ကျနော့် မြေးကလေး
လေနုအေးဖြစ်ပါရစေ... ဗိုလ်မုန်တိုင်း....

atn

Aug 4, 2011

သွားကြပါစို့... အင်ဒရီယာ...





















သွားကြမယ် အင်ဒရီယာ...
အဲသည်မှာ နေသာတယ်...
ငါ ကြိုက်တတ်တဲ့ ကမ်းခြေ...
သဲသောင်တွေက ပြန့်စင်းဖြူလွလို့...
ဘ၀ဆိုတာကို လွတ်လပ်ခြင်း ကွင်းပြင်မှာ စိတ်ကြိုက် ဖြန့်ခင်းလိုက်ကြမယ်...
ကောင်းကင်ပြာကို မျက်နှာချင်းဆိုင်ဖို့
သဲပြင်ပေါ် အတူ ကျောချရင်း ခဏလောက် အိပ်ကြပါစို့... အင်ဒရီယာ...

သွားကြမယ် အင်ဒရီယာ...
အဲသည်မှာ လထွက်တယ်...
မနက်ခင်းနေကို... လတစင်းနဲ့ အတူ... တွေ့...  တွေ့... နေ...  နေရတဲ့... နေရာ...
နေရယ်... လရယ်... ဘယ်တော့မှ မဆုံဘူးလို့... ဘယ်သူ ပြောသလဲ...
နင်ရယ်... ငါရယ်... အဲသည်နေရာမှာ အတူဆုံကြမယ်... အင်ဒရီယာ...
တို့ နှစ်ယောက် မဆုံနိုင်ပါဘူးလို့... ဘယ်သူ ပြောဦးမလဲ...

သွားကြမယ် အင်ဒရီယာ...
အဲသည်မှာ ပန်းတွေပွင့်တယ်...
အပြာရောင် သစ်ခွတပွင့်ကို နင့်အတွက် ငါ ခူးဆွတ်မယ့် နေရာ...
ငါ့ အချစ်တွေကို ပန်းလို နင် မပန်တတ်သည့်တိုင်...
သစ်ခွအပြာလေး တပွင့်ကိုတော့ ငါ့အချစ်တွေကိုယ်စား
နင့် လည်မှာ ဆွဲထားမယ် မဟုတ်လား... အင်ဒရီယာ...

သွားကြမယ် အင်ဒရီယာ...
အဲသည်မှာ... ...
အဲသည်မှာ...
အင်ဒရီယာရယ်...
atn

Aug 2, 2011

လက်နက်ချပါ... အင်ဒရီယာ...





















အဲသည် လေထု အနီရောင်ထဲမှာ...
ရုတ်ရုတ်သည်းသည်းနဲ့...
အုပ်ဖွဲ့ပျံသန်းလာတဲ့ ဒေါသငှက်တွေဟာ...
အရွဲ့တိုက်ခြင်း အရှိန်အဟုန်...
မိုင်တရာ့နှစ်ဆယ် ကျော်ကုန်ပြီလား... အင်ဒရီယာ...

အတ္တငွေ့ရည် ဖိသိုသိပ်သည်းမှု အတိုင်းအဆ ကြီးမားလာတဲ့အခါ...
နားလည်မှု မော်လီကျူးများ အရူးအမူး ပြိုကွဲကြ... ရ... ရှာ... လေ... သလား...

ငါ့ မာနရေတံခွန်လေးတခု အေးခဲသွားတာ...
ငါကိုယ်တိုင် မြင်လိုက်တယ်... အင်ဒရီယာ...

စိတ်ချပါ..
ငါဟာ...
တောင် မပြိုချင်သူပါ... မိုး မပြိုချင်သူပါ... မြေ မပြိုချင်သူပါ... အင်ဒရီယာ...
နေကွယ်... လကွယ်... အမြင်ကွယ်... တခြုံကွယ်...
အဲသလို စာရင်းများထဲကနေ ငါ့အမည်ကိုသာ ဖယ်ရှားပစ်လိုက်ပါ... အင်ဒရီယာ..

သည်မှာ... တခုပြောပါရစေ... အင်ဒရီယာ...
ရှင်းလင်းနေရတာ အမြဲတမ်းမို့... ငါ့အခန်းက သန့်ရှင်းတောက်ပြောင်နေ...
ဘယ်သူ တစုံတယောက်အတွက်-လို့... မင်းထင်လေသလဲ... အင်ဒရီယာ...

ငါ့ အတောင်ပံတွေကို စီးနင်းလို့... မနက်ဖန်တွေ ပျံသန်းလာနေဆဲမှာ...
ခိုကိုးရာမဲ့နေမြဲ တ၀ဲဝဲလည်နေတဲ့ ညတွေ...
ပိန်းပိတ်အောင်မှောင်နေတဲ့ မာနနေရောင်ထဲ ပြိုကွဲကြေမွသွားရရှာတယ်...
ဒါဟာ နောက်ဆုံး စာမျက်နှာလား... အင်ဒရီယာ...

နောက်တနေ့ နိုးထလာတဲ့ မင့် နံနက်ခင်းမှာ...
မင်းအတွေးထဲ ပထမဆုံး ၀င်ရောက်လာသူဟာ...
ငါပါ-ဆိုရင်
ငါ့ရင်ခွင်ထဲမှာ
မင်း လက်နက်ချလိုက်ပါတော့... အင်ဒရီယာ...

ငါကတော့
မင်းခြေရင်းမှာ လက်နက်ချပြီးသား...

atn

Aug 1, 2011

ကမ်းခြေည...















ဘာ တခုကိုမှ... လေးလေးနက်နက်... သိပ် မစဉ်းစားတဲ့... ဂမူးရှူးထိုး တိမ်တိုက်တွေ...
တဦးကို တဦး... ဒုံးစိုင်း ပြေးလိုက်နေတဲ့ ညနေ...

အခုလောလောဆယ်ဆယ်တော့...
ကျနော့် လေပြေညင်းလေးနဲ့ ကျနော်... အဆင်ပြေပါတယ် မေမေ...
ညနေခင်းကို ကျနော် အသာအယာ ကျောသပ်ထားတယ်...

ကျနော့်ရင်ဘတ်ကို ကန့်လန့်ဖြတ်တိုက်လာတဲ့ ပင်လယ်လေဟာ... ဆားငွေ့တွေ သင်းနေတယ်...
ဒင်းတို့ရဲ့ ဆိုဒီယမ်နဲ့ ကလိုရင်း စုံတွဲကို... ကျနော် အမြဲ မုန်းတယ် မေမေ...

လက်တွဲပြီး လျှောက်လှမ်းမယ့်သူမပါတဲ့ ကျနော့် ကမ်းခြေဟာ...
အထီးကျန် အလွမ်းတွေနဲ့...
ဆုနာမိ... လှိုင်းတွေ... လွှမ်းသွားတဲ့ မြို့ပါပဲ...
သိစိတ်တွေ... မသိစိတ်တွေဟာ... တုံးလုံးပက်လက် လဲပြိုလို့...

ဟောဟို... အုန်းပင် ကောက်ကွေးလေး အနောက်မှာ...
တယောက်ထဲ တိတ်တဆိတ် ရပ်... နေ... နေတာ....
ကျနော့် လမင်းကလေးပါ မေမေ...
အဲသည် အုန်းလက်အဖျားကလေးများမှာ...
သူ့ကို ချိတ်ဆွဲထားခွင့်... ကျနော့်ကို ပေးပါ့...

ကြယ်ကလေးတချို့ .. သက်ပြင်းချသံ ရှည်လျားတယ်...
ကျနော်တို့အားလုံး မတတ်နိုင်တာတွေလည်း ရှိနေတာကိုး... မေမေ...

ည-ဆိုတာကိုက
နေမင်းကြီး ကွယ်ပျောက်သွားမှ
ပင်လယ်ဝမှာ ပေါ်ပေါက်လာရတာ မဟုတ်လား...


atn