May 30, 2009

မတရားမှုမှန်သမျှ မုချကျဆုံးရမည်

မိုးမခ မီဒီယာမှာ ဖော်ပြထားပြီးတဲ့ ဆောင်းပါးပါ။


သမိုင်းဆိုင်ရာ အကြောင်း တစုံတရာကို ပြောဆိုမည်ဆိုလျှင် ခိုင်မာသော အချက်အလက် လိုလေသည်။ အဘယ့်ကြောင့်ဆိုသော် သမိုင်းသည် ဒဏ္ဍာရီ မဟုတ်။ သမိုင်းသည် နတ်သမီး ပုံပြင်မဟုတ်။ သမိုင်းသည် ယုံတမ်းစကား မဟုတ်။ သမိုင်းသည် တကယ် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အချိန်ကာလ အလိုက် အဆင့်ဆင့် မှတ်တမ်း တင်ခြင်းသာ ဖြစ်သောကြောင့် ဖြစ်လေသည်။ သမိုင်းတွင် ချစ်ခြင်း၊ မုန်းခြင်းများ မပါ။ စိတ်ဆန္ဒများ မပါ။ သမိုင်းတွင် အဖြစ်အပျက်များသာ ပါလေသည်။ စိတ်ကူးယဉ် မဟုတ်သော တကယ်စင်စစ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသာ ပါလေသည်။

သို့သော်လည်း လူသားတို့တကယ် ဖြတ်သန်းခဲ့ကြရသော ရာစုနှစ်နှင့်ချီသည့် အချိန်ကာလများမှာပင် သမိုင်း ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ကို အနိုင်ရသူများကသာ ဖွင့်ဆိုနိုင်သည်ဟု ဆိုခဲ့သော ကာလများ ရှိခဲ့ဖူး လေသည်။ သည်လိုနှင့် သမိုင်းဆိုသည်မှာ အနိုင်ရခဲ့သူများ၏ မှတ်တမ်း၊ သို့မဟုတ် အနိုင်ရနေသူများ ကသာ သူတို့ တင်ချင်သလို တင်ခဲ့ကြသော မှတ်တမ်းတခုဟု အဓိပ္ပါယ်ဖွင့်ခဲ့ကြဖူးလေသည်။ သည်လိုနှင့် ရာဇ၀င် ဆိုသည့် စကားလည်း ပေါ်ပေါက်လာဖူးသည်။ သည်လိုနှင့် သမိုင်းဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာလည်း လွဲချော်ခဲ့ရ လေတော့သည်။ သမိုင်းဆိုသည်မှာ နိုင်သူတို့၏ မှတ်တမ်း။ သည်လိုနှင့် သမိုင်းကို နိုင်သူတို့သာ ရေးနိုင်သည်ဟု မှတ်ယူနေသော န၀တ (သို့မဟုတ်) နအဖကလည်း သမိုင်း မှတ်တမ်းအမှန် ပြုစုရေးဆိုသော ခေါင်းစဉ်အောက်တွင် ကိုယ့် နံမည် ကိုယ်ရေးဖို့ ကြိုးစားခဲ့သော ရာဇ၀င် စာအုပ်များကိုလည်း ကျွန်ုပ်တို့ ဖတ်ခဲ့ကြရ လေတော့သည်။

သို့သော်လည်း သမိုင်းသည် သူနေရမည့်နေရာမှာ သူ နေနေလေသည်။ နိုင်သူ ရှုံးသူတို့က ထားရာမှာ သူ မနေ။ အချိန်ကာလတခုမှာ မည်သူက နိုင်သူ၊ မည်သူက ရှုံးသူ ဆိုသည်ကို သမိုင်းက သစ္စာရှိစွာ မှတ်တမ်း တင်လေသည်။ တချိန်ထဲမှာပင် မည်သူက မှန်ကန်သူ၊ မည်သူက မှားယွင်းသူ ဆိုသည်ကိုလည်း သမိုင်းက သစ္စာရှိရှိ မှတ်တမ်းတင်လေသည်။ ထို့အတူ အချိန်ကာလတခု ရောက်သည့်အခါတွင် မှန်ကန်သူကသာ နိုင်သူ ဖြစ်ကြောင်းကိုလည်း သမိုင်းက ရာစုနှစ် ထောင်စုနှစ်ပေါင်းများစွာ ကြာသည်အထိ သက်သေခံကာ မှတ်တမ်းတင်ခဲ့လေသည်။

သည်လိုနှင့် ယဉ်ကျေးသော လူ့သမိုင်းသည် အနိုင် အရှုံးထက် မှန်ကန်မှု၊ မှားယွင်းမှုကိုသာ တင်ခဲ့သော သမိုင်း ဖြစ်ခဲ့လေတော့သည်။ တနည်းအားဖြင့် တရားမှုနှင့် မတရားမှုကို စာရင်းတို့ခဲ့သော သမိုင်းသာ ဖြစ်လေသည်။ အချိန်ကာလတခုတွင် တစုံတယောက် - သို့မဟုတ် - တစုံတရာသည် အမှားအယွင်း လုပ်သူအဖြစ် ရာဇ၀င်တခုတွင် အမည်တို့ ခံရကောင်း ခံရမည်။ သို့သော် အချိန်ကာလတခုတွင် အမှန်တရား ဘက်တော်သား အဖြစ်၊ သူရဲကောင်းအဖြစ် အသိအမှတ်ပြု ခံရမည်မှာလည်း အသေအချာသာ ဖြစ်လေသည်။ သည် အဖြစ်အပျက်များကို သမိုင်းကသာ မှတ်တမ်းတင်နိုင်သည် မဟုတ်လား။

သည်လိုနှင့် ဂျော်ဒန်နိုဘရူနို-သည် သူရဲကောင်း ဖြစ်ခဲ့သည် မဟုတ်လား။

သည်အခါ သမိုင်းဆိုင်ရာ အကြောင်းတစုံတရာကို ပြောဆိုတိုင်း အရှုံး အနိုင် ဆိုသည်ထက် အမှန်တရားကိုသာ ကျွန်ုပ်တို့ ပြောဆိုရမည်မှာ အသေအချာပင်ဖြစ်ပေတော့သည်။

၁၉၈၈ အရေးတော်ပုံသည် တစုံတရာရှုံးနိမ့်ခဲ့သလို တစုံတရာ အောင်မြင်ခဲ့လေသည်။

ရှုံးနိမ့်ခဲ့ခြင်းမှာ ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ် အစိုးရတရပ်ကိုရရှိသည်အထိ အရေးတော်ပုံကို မသယ်ဆောင် နိုင်ခဲ့ခြင်းသာ ဖြစ်လေသည်။ ကျွန်ုပ်တို့ အောင်မြင်ခဲ့သည်မှာ ဖိနှိပ်မှု မှန်သမျှကို အုံကြွ တော်လှန်ခြင်းဖြင့် အဆုံး သပ်နိုင်သည်ဆိုသော နိုင်ငံရေးအရ အရေးပါသည့် အသိတရားကို ပြည်သူအားလုံးအား ပေးနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။ သည် အောင်မြင်မှုက ယနေ့ထက်ထိတိုင် အကျိုးသက်ရောက်နေပါသေးသည်။ သည်လိုနှင့် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှုနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကြီးကို ဖြစ်ပေါ်စေခဲ့သည် မဟုတ်လော။

ယခုလောလောဆယ် ကျွန်ုပ်တို့ အားနည်းကောင်း အားနည်းနေမည်၊ ကျွန်ုပ်တို့ ရှုံးနိမ့်ကောင်း ရှုံးနိမ့်နေမည်။ သို့သော်လည်း ကျွန်ုပ်တို့သည် မှားယွင်းသူများ မဟုတ်ကြ။ အမှားအယွင်းကို လုပ်နေသူများ မဟုတ်ကြ။

သို့သော်လည်း သမိုင်းဆိုင်ရာ အချက်အများအရ ကျွန်ုပ်တို့ မည်သို့ အားနည်းနေသည်ဖြစ်စေ မတရားမှုကို တရားမှုနှင့် ဆန့်ကျင်နေခဲ့သော သည်အချက်ကပင် နောင် တချိန်တွင် ကျွန်ုပ်တို့သည် အောင်နိုင်သူများ ဖြစ်လာကြလိမ့်မည်ကို သမိုင်းတကာက ပြောပြနေလေသည်။ သည့်အတွက် တနေ့နေ့တွင် ကျွန်ုပ်တို့ ခေတ်အကြောင်း သမိုင်းဆိုင်ရာအရ ပြောဆိုကြသည့်အခါ ကျွန်ုပ်တို့က မှန်ကန်သူများသာ ဖြစ်သည့်အကြောင်းကို သမိုင်းက မှတ်တမ်း ကောင်းကောင်း တင်ပါလိမ့်မည်။

ထို့အတူ လူသား၏ သမိုင်းတလျှောက်လုံးတွင် မည်သည့်အခါကမျှ မတရားမှုက တရားမှုအပေါ် အနိုင်မရခဲ့ဖူးကြောင်း သမိုင်းနှင့်ချီပြောရင်း မြန်မာပြည်တွင်သာမက တကမ္ဘာလုံးရှိ မတရားမှု မှန်သမျှ သည်လည်း ကျဆုံးရမည်မှာ မုချ အသေအချာပင်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း....။

10 comments:

ကိုလူထွေး said...

ဒီဆောင်းပါး တအားကောင်းတယ် ကိုအောင်သာငယ်ရေ...

မတရားမှုကို တက်ညီလက်ညီနဲ့ တိုက်မထုတ်နိုင်ရင် ကျွန်တော်တို့ မျိုးဆက်တွေ ဒုက္ခရောက်ရတော့မယ်...

ဆရာတင်မိုးပြောသလိုပေါ့...

စစ်အာဏာရှင်သေနပ်ကို ကြောက်လို့
ငါတို့လက်မြောက်ရင်
ဖောက်ပြန်သူတွေ ရာသက်ရှည်ပြီး
တို့နိုင်ငံ အသက်သေလိမ့်မယ်...

အိမ်လွမ်းသူ said...

အပြည့်အဝ ယုံကြည်ပါတယ်..

ဂျူနို said...

ဟုတ်တယ် ကိုအောင်သာငယ်
သမိုင်းက သစ္စာရှိတယ်။

သမိုင်းမှာ မိုက်ရိုင်းစော်ကားတဲ့ အမှားတွေ အများကြီး လုပ်ထားတဲ့ ဒင်းတို့ အကြောင်းရှိနေမှာလဲ သမိုင်းရဲ့ သစ္စာပဲ။

မတရားမူ့ ကို အရေခြုံ ဘယ်တော့မှ ကျောမလုံပါဘူး။ ခေါင်းမလုံ ကိုယ်မလုံနဲ့ ရေးထားတဲ့ သမိုင်းကလည်း အမှားကြီး ဖြစ်ကြောင်း အလိုလို သက်သေပြပြီးသားပါ။

ဒီလို မိုက်ရိုင်းစော်ကားတဲ့သူတွေ တနေ့ ကျဆုံးရတယ်ဆိုတာ ကမ္ဘာ့ သမိုင်းကကော မြန်မာ့သမိုင်းကကော သက်သေပြထားပြီးသားပါ လုံးဝပြေးမလွတ်ပါဘူး။

ဒို ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပေ။

Anonymous said...

အချိန်ကြာတာနဲ့ တိုတာပဲ ကွာမယ်
မတရားမှု မှန်သမျှ ချုပ်ငြိမ်းရမှာ အမှန်ပါ
ဒီယုံကြည်ချက်နဲ့ပဲ ကျမတို့ ရှေ့ဆက်လျှောက်ကြမယ်..
တကယ်ကောင်းတဲ့ အနှစ်သာရပြည့်တဲ့ ဆောင်းပါးလေးပါ
mama

Phyo Maw said...

အရင်ကသိပါဘူးကွယ်
အနော်တို့က အစိမ်းရောင်စာအုပ်လေးတွေ ကိုင်ပြီး မြန်မာယိုးဒယား သမိုင်းတို့လောက်ပဲ သင်ခဲ့ရတော့ :P

ဧရာ said...

“ယဉ်ကျေးသော လူ့သမိုင်းသည် အနိုင် အရှုံးထက် မှန်ကန်မှု၊ မှားယွင်းမှုကိုသာ တင်ခဲ့သော သမိုင်း ဖြစ်ခဲ့လေတော့သည်” ဆိုတဲ့အတိုင်း သမိုင်းမှာ ဘယ်သူက သူရဲကောင်း၊ ဘယ်သူက ဗီလိန်ဆိုတာ ဖုံးကွယ်ထားလို့ မရပါဘူး။ နောက်ဆုံး သမိုင်းသင်ခန်းစာ စာအုပ်တွေထဲမှာ နေရာပေးခြင်းမခံရတောင် အချို့ဖြစ်ရပ်တွေဟာ ဒဏ္ဍာရီတွေအဖြစ်နဲ့ဖြစ်စေ တနည်းနည်းနဲ့တော့ မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းပေး သွားကြမှာပါ။

မေငြိမ်း said...

လုံးဝ ထောက်ခံ ယုံကြည်ပါတယ်..။

Moe Cho Thinn said...

ဒါဟာ အားလုံးယုံကြည်တဲ့ အမှန်တရားပါပဲ။
သမိုင်းက ညာလဲ မညာ၊ ညှာလဲ မညှာ။

kay said...

သည် အောင်မြင်မှုက ယနေ့ထက်ထိတိုင် အကျိုးသက်ရောက်နေပါသေးသည်။ သည်လိုနှင့် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှုနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကြီးကို ဖြစ်ပေါ်စေခဲ့သည် မဟုတ်လော။
-----

၈၈ သည် ၈၉ တီရနန်မင်းရင်ပြင် နှင့် ယှဉ်လျှင်.. အသက်ရှင် လှုပ်ရှားနေပေသေးသည်။ မှန်ကန် တည့်မတ် စွာ အသက်ဆက်ပေးနေသူများ အားလုံးအား..လေးစားဦးညွှတ်ပါသည်။

မြ said...

အသစ်ပြန်ရေးရမယ့်ရာဇ၀င်အမှန်တွေအတွက် အချက် အလက်မှန်တွေကို စုစည်းထားတဲ့ မှတ်တမ်း တွေရှိနေ ဖို့လိုသေးတာပေါ့။ ကာလရွေ့သွားတဲ့အခါ ခုနှစ်လေးတွေနဲ့ ကျဆုံးသွားသူများမှေးမှိန်သွားမယ်လေ။

မာနယ်ပလောကျသွားတော့ စာရွက်စာတန်းနဲ့ ဓာတ်ပုံမှတ်တမ်းတွေ အများကြီး ပျက်စီး ဆုံးရှုံးခဲ့ တယ်..လို့လည်း ပြောသံကြားမိတယ်။ မှတ်မိသလောက် မှတ်တမ်းလေးတွေလုပ်ထားတော့ ကျမတို့လို မာနယ်ပလော မဖြတ်သန်းဘူးသူများ လေ့လာနိုင်တာပေါ့။