Sep 1, 2009

ဘလော့တထောင်၊ ဆောင်သင့်သည်များနဲ့ ရပ်တန့်သွားသောစာမျက်နှာများ

ခုတလော အလုပ်ရှုပ်တာနဲ့ ဘာစာမှ မရေးဖြစ်သလောက်ကိုပါပဲ။ ကဗျာတချို့သာ ရေးဖြစ်တာပါ။ သည်နေ့တော့ အချိန် နည်းနည်းရတာနဲ့ သွားလည်နေကြ ဘလော့တချို့ကို သွားပြီး စာတွေ၊ ကဗျာတွေ ဖတ်ဖြစ်ပါတယ်။၊ သည်ပို့စ်ကတော့ ဘလော့တွေ လိုက် လည်ရင်းက ခေါင်းထဲရောက်လာတဲ့ အတွေးတချို့နဲ့ ခံစားချက် တချို့ကို ချရေးလိုက်မိ တာပါပဲ။

၁။
ပုံမှန်အားဖြင့် ကျနော် ဖတ်လေ့ရှိတဲ့ ဘလော့တွေကိုတော့ ကျနော့် ဘလော့က ဆိုဒ်ဘားမှာ တွေ့နိုင်ပါတယ်။ ကဗျာဘလော့ (၄၃) ခု၊ တခြားဘလော့ (၁၀၇) ခု ဆိုတော့ အားလုံးပေါင်း (၁၅၀) ရှိပါတယ်။ ပို့စ်အသစ်တက်တိုင်း သွားဖတ်နေကြပါ။ တကယ်တော့ ကျနော် ဖတ်ဖြစ်၊ ဖတ်နေတဲ့ ဘလော့တွေကလည်း ရာနဲ့ချီနေတယ်လို့ ပြောရမှာပါ။ သည်တော့ အကုန်လုံးကို အိမ်တိုင်ရာရောက် သွားမဖတ်နိုင်ပါဘူး။ သည်လိုနဲ့ ဘလော့တချို့ကို Google Reader ထဲမှာ Feed ယူထားလိုက်ပါတယ်။ ပုံမှန်ဖတ်နေကြ ဘလော့တွေက လွဲရင် ကျန်တဲ့ ဘလော့ တွေကိုတော့ Google Reader ကနေပဲ ဖတ်နေကြမို့လို့ ကွန်မန့်ပေးချင်မှသာ ဘလော့အထိ လိုက်သွားပြီး ဖတ်ပါတယ်။ Reader မှာ ကျနော် Feed ယူထားတဲ့ ဘလော့တွေကလည်း အားလုံးပေါင်း ၂၄၀ ကျော် ရှိပါတယ်။ အများစုက နေ့တိုင်းနီးပါး မဟုတ်တောင် ၃ ရက် တပို့စ်လောက် တင်နေကြတာဆိုတော့ Reader က ဖတ်ရင်ပဲ တနေ့ကို ပို့စ်ပေါင်းတရာ ကျော်လောက် ဖတ်နေရတာပါ။

အဲသည်မှာ ကျနော် သွားတွေးမိတာက - အော် တို့ ဘလော်ဂါတွေလည်း စားဝတ်နေရေး အတွက် လုံးပမ်းရ၊ ဘလော့ရေးရ၊ ဘလော့လည်ရ၊ ကွန်မန့်တွေပေးရ၊ ကွန်မန့်တွေ ပြန်ရ၊ ဆီပုံးထဲရေးရ၊ ဆီပုံးထဲကစာတွေ ပြန်ရ၊ သည်ကြားထဲ တန်းပလိပ်ပြင်ရ ဘာညာနဲ့ အချိန်တွေ အတော်ပါးရှနေကြမှာပဲ။ သည်ကြားထဲ ဘလော့ အသစ်တွေကလည်း အင်နဲ့အားနဲ့ ဟောတခု ဟောတခု ပေါ်လာနေတော့ အရှိန်အဟုန်ကြီးကြီးနဲ့ စီးချလာတဲ့ မြန်မာ ဘလော့ ရေစီးကြောင်းကြီးထဲမှာ ဘလော်ဂါတွေခမျာ ယက်ကန်ယက်ကန် ဖြစ်နေကြပြီပေါ့ လို့ တွေးနေ မိတော့တာပါ။ “ဘဲအုပ်က တရာ နှစ်ရာ မဗေဒါက တပင်ထဲ ” ဆိုတဲ့ ဆရာဇော်ဂျီရဲ့ နံမည်ကျော် ကဗျာတစကိုတောင် ရီချင်နေမိသေးတော့တယ်။ ကျနော့်ဘာသာကျနော် စိတ်ထဲမှာ တော့ “ဘလော့အုပ်က တထောင် နှစ်ထောင်... ဘလော်ဂါက တကောင်ထဲ...” လို့ ရေရွတ် နေမိကြောင်းပါ။

၂။
သည်ကြားထဲမှာ ဘလော့တွေလည်ရင်း ရောက်ဖြစ်တဲ့ ဘလော့ရဲ့ဆိုဒ်ဘားမှာ တင်ထားတဲ့ လင့်တွေကို ကြည့်မိတဲ့အခါ ကျနော် မရောက်ဖူးသေးတဲ့ ဘလော့တွေက စိတ်ဝင်စားစရာ ခေါင်းစဉ်တခုခုတွေ့မိရင် အဲသည် ဘလော့ပို့စ်တွေကို ရောက်သွားတတ်ပါတယ်။ နှစ်သက်မိတဲ့အခါ ကျန်တဲ့ ပို့စ်တွေပါ ဖတ်ရင်း ကျနော့် ဖတ်ရမယ့်စာရင်းထဲ ဘလော့တခု နောက်ထပ် တိုးသွားတော့တာပါပဲ။ သို့သော် အမြဲတမ်းတော့လည်း မဟုတ်ဘူးပေါ့လေ။ တခါတလေလည်း ပို့စ်ကြောင့် မဟုတ်ပဲ ဘလော့ နံမည်ကိုက စိတ်ဝင်စားစရာ ကောင်းနေ တာနဲ့ ရောက်သွားတာမျိုးလည်း ရှိပါသေးတယ်။ ဒါပေသည့် ရောက်သွားတိုင်း နှစ်သက် သွားတာမျိုး တော့လည်း မဟုတ်ပါဘူး။ ဘလော့တွေကို ကြိုက်မကြိုက်ဆိုတာက တဦးချင်း နှစ်ခြိုက်မှုနဲ့လည်း ဆိုင်တာ ဆိုတော့ ကြိုက်နှစ်သက်မှုခြင်း မတူတဲ့ ဘလော့တွေကို ရောက်သွားတဲ့အခါ ဘာမှမပါပဲ လှည့်ပြန်လာရတယ် လို့ပဲ ပြောရမှာပါ။ ဥပမာ - ကျနော်က ကဗျာတွေကို နှစ်သက်တယ်၊ ကဗျာရေးတဲ့ ဘလော့တိုင်းနီးပါးကို ဖတ်ပါတယ်၊ သို့သော်လည်း ကဗျာရေးတဲ့ ဘလော့တခုကို ရောက်သွားတဲ့အခါ အဲသည်ဘလော့က ကဗျာ ပုံစံတွေကို ကျနော်က မနှစ်ခြိုက်ဘူး။ အဲလို ဘလော့တွေကျတော့လည်း ကျနော့် ဖတ်ရမယ့် စာရင်းထဲ ပါမသွားတော့ဘူးပေါ့လေ။

သည်မှာ ကျနော် တခုသွားတွေးမိတာပါ။ ဘလော့ရေးတာက ရေးချင်လို့ ရေးတာမှန်ပေမယ့် ကိုယ်ရေးတာကို ဖတ်စေချင်တဲ့ စိတ်ကတော့ ဘလော်ဂါတိုင်းမှာ ရှိမှာပါ။ “ဘယ်သူမှ ဖတ်ဖို့ မဟုတ်ဘူး။ ဖတ်ချင်ဖတ် မဖတ်ချင်နေ” ဆိုရင်တော့ ဘာလို့ အလုပ်ရှုပ် အချိန်ကုန်ခံပြီး စကတည်းက ဘလော့ပေါ် တင်နေမလဲလေ... မဟုတ်ဘူးလား။ ဘလော့ပေါ် တင်ပြီ ဆိုကတည်းက လူဖတ်စေချင်လို့ပေါ့။ သည်တော့ လူဖတ်စေချင်ရင် ဖတ်စေချင်လာ အောင်လည်း ဆွဲဆောင်မှု ရှိဖို့ လိုတယ်လို့ ထင်မိတယ်။ ဆွဲဆောင်နိုင်တာကလည်း အခုလို ကျနော် မသိသေးတဲ့ ဘလော့ အသစ်တွေ သွားဖတ်မိတဲ့ အကြောင်း အထက်မှာ ပြောခဲ့သလို ပို့စ်ရဲ့ ခေါင်းစဉ်က စိတ်ဝင်စားစရာ ကောင်းတာမျိုး၊ ဘလော့နံမည်က စိတ်ဝင်စားစရာ ကောင်းတာမျိုး၊ ဘလော့ပို့စ်ရဲ့ အတွင်းသားကိုက စိတ်ဝင်စားစရာ ကောင်းတာမျိုး စသည်ဖြင့်ပေါ့။ နောက်တခု ကျနော်တွေးမိတာကတော့ ဘလော်ဂါမှန်သမျှ ကိုယ့်ဆိုဒ်ဘားမှာ ကိုယ်ဖတ်နေတဲ့ ဘလော့တွေရဲ့ လင့်လေးတွေကို တင်ထားပေးရင် ကောင်းမယ်လို့ ထင်တယ်။ ဒါမှ တခြား ဘလော်ဂါတွေ မသိသေးတဲ့ ဘလော့တွေကို ဝေမျှပေးရာ ရောက်မယ်၊ လိုက်လံရှာဖွေနေရတဲ့ အချိန်ကိုလည်း အကုန် သက်သာစေမယ် ထင်ပါတယ်။ ဒါကတော့ ဆောင်သင့်တာလေးတွေလို့ တွေးထင်မိကြောင်းပါ။

၃။
နောက်တခုက ဘလော့တွေက အဲသည် ဆိုဒ်ဘားအကြောင်းပါပဲ။ ဆိုဒ်ဘားပေါ်က ဘလော့လင့်လေးတွေကို ကြည့်လိုက်ရင် ပို့စ်တွေက ဘယ်တုန်းက တက်လာတယ် ဆိုတာ အများအားဖြင့် ဖော်ပြထားလေ့ရှိပါတယ်။ 1 hr ago, 2 days ago, 3 weeks ago စသည်ဖြင့်ပေါ့လေ။ အဲသည်မှာ တချို့တွေဆိုရင်လည်း 6 months ago, 1 year ago တို့ဆိုတာပါ တွေ့တတ်ပါသေးတယ်။ ဒါကလည်း အကြောင်း အမျိုးမျိုးတော့ ရှိကြမှာပေါ့လေ။ အလုပ်များနေတာ၊ ခရီးထွက်နေတာ၊ ကျန်းမာရေးမကောင်းတာ စသည်ဖြင့်ပေါ့လေ။ အကြောင်း အမျိုးမျိုးနဲ့ ဘလော့ကို ဆက်မရေးနိုင်ပဲ ထားခဲ့ရတာ။ တချို့ကတော့ ဘ၀ လမ်းဆုံးကို ရောက်သွားလို့ ဆက်ကို မရေးနိုင်တော့တာ။ တချို့ကတော့ မတရား ဖမ်းဆီး ထောင်ချခံနေရတာတောင်ပါသေး။ အဲသည်လို အကြောင်းအမျိုးမျိုးနဲ့ ရပ်တန့်နေတဲ့ စာမျက်နှာတွေကို ဘလော့တွေရဲ့ ဆိုဒ်ဘားမှာ မြင်ရတဲ့အခါ ကျနော့်မှာ အတွေးတွေ မီးခိုးအူလာမိတာပါပဲ။

ဥပမာ - ကျနော့်ဆိုဒ်ဘားက ကဗျာဘလော့များထဲက ခေးအော့စ် 6 months ago ။ အခြားဘလော့များ စာရင်းထဲမှာ ပါတဲ့ စာမျက်နှာတွေထဲမှာ ဆိုရင် အန်ကယ်အောင် အန်ကယ်အောင်နဲ့ ကျနော့်ကို လာလာ အော်တတ်တဲ့ တူမောင်မျိုး 4 months ago “ဦးနာအောက်၊ အောက်မအောက်”-ရေးပြီး ပျောက်သွားတဲ့ ကိုမောင်ရင် 5 months ago “စက္ကူငှက်ကလေး”-ကို နောက်ဆုံးရေးပြီး သင်္ဘောပေါ် တက်ပြေးသွားတဲ့ ညီငယ် ဇင်ယော် 7 months ago စသည်ဖြင့်ပေါ့လေ။ ပျောက်သွားလိုက်ကြတာ။ ပြန်ကို ပေါ်မလာတော့ဘူး။ သူတို့ထားခဲ့တဲ့ စာမျက်နှာတွေကတော့ ရှေ့ဆက် မရွေ့လျားနိုင်တော့ပဲ အေးခဲ ရပ်တန့်လို့။ ရပ်တန့်သွားတဲ့ စာမျက်နှာတွေက သူတို့ ပိုင်ရှင်တွေကို မျှော်နေကြလေမလား။ သူတို့တွေ ဘာတွေ ဖြစ်နေကြပါလိမ့်။ အဆင်မှ ပြေကြရဲ့လား။ သူတို့ ဘလော့တွေကို လွမ်းနေကြမလား... စသည်ဖြင့် မီးခိုးတွေ အူထလာမိကြောင်းပါ။

25 comments:

နှင်းနဲ့မာယာ said...

အကိုရေ
ဒီပို့စ်လေးမှာ ဦးဆုံးကောမန့်ပေးခွင့်ရတာ ဝမ်းသာပါတယ်...
အကိုပြောပြထားတဲ့ အချက်အလက် အကုန်လုံးကို အပြည့်အဝ ထောက်ခံပါတယ်...
ဘလောဂါတွေအနေနဲ့ ကိုယ်ပေးချင်တဲ့ အကြောင်းအရာတွေကို စာဖတ်သူတွေကို ထိထိရောက်ရောက် ပေးနိုင်ရင် အကောင်းဆုံးပါပဲ...
အရေအတွက်ထက် အရည်အသွေးကောင်းမွန်တဲ့ စာလေးတွေကိုလဲ မြန်မာဘလော့တွေကြားမှာ တွေ့ရတတ်ပါတယ်...
ပြီးတော့ ပို့စ်တစ်ပုဒ်ရေးဖို့အတွက် ကိုယ်ပေးလိုက်ရတဲ့ အချိန် စာဖတ်သူက ကိုယ့်စာတွေ ဖတ်ဖို့အတွက် ပေးလာတဲ့ အချိန်တွေအတွက် ထိုက်တန်တဲ့ သုတ ဖြစ်ဖြစ် ရသဖြစ်ဖြစ် စိတ်ကြည်နူးမှုလေးဖြစ်ဖြစ် ပေးနိုင်ရင် ပိုကောင်းပါတယ်...
နောက်တစ်ခုက ကိုယ့်ရင်ထဲက မွေးထုတ်ထားတဲ့ ဘလော့လေးကို အတတ်နိုင်ဆုံး အဓွန့်ရှည်အောင် ထိန်းသိမ်းထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ....
ဘဲအုပ်က တစ်ရာနှစ်ရာ ဖြစ်နေတာကိုလဲ ထောက်ခံပါတယ်...
ဒါတောင် အကိုက ညီမထက်စာရင် စာတွေ ပိုဖတ်နိုင်သေးတယ်.....
အမှန်အတိုင်းပြောရရင် အချိန်မရတာကြောင့် ဘလော့တွေပေါ်က စာတွေကိုသိပ်မဖတ်နိုင်သေးပါဘူး အကိုရယ် ကိုယ့်လင့်ခ်တွေထဲက အသစ်တက်တဲ့ပို့စ်တွေကိုပဲ ဖတ်ဖြစ်တယ်....

ခင်တဲ့
နှင်း

အိပ်မက်ခြေရာ said...

ကျွန်တော်လည်းပျောက်သွားသူပဲဗျ ခုမှပြန်ဝင်လာတာ ဟိုးအရင်ကပေါ့လေ
ကျွန်တော်ဘလော့ လောက်ထဲယောင်ပေယောင်ပေလုပ်နေတုန်းက ကိုကြီးအောင်သာငယ် တို့ ကိုအိပ်မက်နက်တို့ နောက်ကိုမင်းယွန်းသစ် စသည်ဖြင့်ပေါ့လေ ဖတ်နေကျဘလော့တွေ အကြိုက်ချင်းမတူကြပေမယ့်
ရင်ဘတ်တူသူခြင်းပေါ့လေ အဲ့လိုနဲ့နောက်တော့အကြောင်းတစ်ခု ကြောင့် ကျွန်တော်ပျောက်သွားပါတယ်။ တစ်နှစ်နီးပါးပါပဲ ကျွန်တော်ဝင်လာတာလဲ မသိလိုက်သလို ပျောက်သွားတာလဲ ဘယ်သူမှသိလိုက်ပုံမရပါဘူး ကိုကြီးအောင်သာငယ်ပြောသလိုဘလော့အုပ်က တစ်ထောင်နှစ်ထောင် ဖြစ်နေတာကိုးး))) ကိုကြီးဇင်ယော် အစ်ကိုတော် မောင်မျိုး ၊ ဥယျာဉ်မှုး(သို့)အစ်ကိုတော် ၀င်းမင်းဆန်း တို့ မတွေ့ရတော့ပါဘူး ကိုယ်သိတဲ့လူတွေပျောက်ပျောက်သွားပေမယ့် ကိုယ်မသိတဲ့လူတွေပိုတိုးပွားလာပါတယ် ဒီလိုနဲ့ အသစ်တိုးလာတဲ့ ဘလော့တွေသွားဖတ် အင်းဒီလိုနဲ့ ဘလော့လောကကြီးထဲ ယောင်လည်ယောင်လည်ဖြစ်နေတုန်းပါ.....။

ကိုရင်နော်ခင်လေးငယ် said...

ဒို့အစ်ကိုရေ..
ကျနော်တို့လည်း ဒီအကြောင်းကို တွေးမိနေတယ်..

ပျောက်သွားတဲ့ ဘလော့ဂါတွေကိုလည်း သတိရမိတယ်.. သူတို့လည်း အားတဲ့အချိန်တွေမှာ စာပြန်ရေးကြရင် သိပ်ကောင်းမယ်နော်..

အခိုင်အမာ ရှိနေပြီးသား ဘလော့တွေ ပျောက်ဆုံးသလို ဖြစ်သွားတာကတော့ တကယ် နမြောစရာပါပဲ..

ဘလော့ တစ်ခု ဖြစ်လာဖို့၊ အောင်မြင်လာဖို့၊ နေရာတစ်ခု ရလာဖို့ ဆိုတာ လွယ်မှမလွယ်တာပဲလေ.. ရင်းခဲ့ရတဲ့ အချိန်တွေက များကြီး..

အသစ်တွေ အများကြီး ပေါ်လာတာတော့ ဝမ်းသာစွာ ကြိုဆိုပါတယ်.. ဘလော့ရွာကြီး ပိုစည်ကားလာတာပဲ..

နောက်တစ်ခု ကျနော့် အမြင်.. အသစ်တွေကို အားလုံး လက်တွဲခေါ်သင့်တယ်.. နည်းပညာပိုင်းပဲ ဖြစ်ဖြစ်၊ သူတို့ လိုအပ်နေတာကို အကြံပေးတာပဲ ဖြစ်ဖြစ် ကူညီသင့်တယ်..

တချို့တချို့တွေက အသစ်တွေဆို မဖတ်ချင်ကြဘူး.. အားမပေးကြဘူး.. နာမည်ရှိသူ၊ ရင်းနှီးသူတွေလောက်ပဲ သွားဖတ်ကြတယ်.. တကယ်ဆို အားလုံးက အသစ်တွေကနေ တက်လာကြသူတွေပဲလေ..

အသစ်တိုင်းက စမ်းရေးရင်း ရေးရင်း ဘလော့လောကထဲကို စဝင်လာသူတွေဆိုတော့ ချက်ချင်းကြီးတော့ ကဗျာကောင်း၊ စာကောင်းတွေ ထွက်ချင်မှထွက်မှာပေါ့.. အချိန်ဆိုတာကလည်း လိုသေးတယ်လေ..

ဘလော့ရောဂါရှိပြီးသူတိုင်းက အသစ်ဝင်ရောက်လာသူတွေကို အဲ့ဒီဘလော့ပိုး များများထည့်ပေးမှ.. ဒါမှ သူတို့ရောဂါမြန်မြန်ကြီးမယ်..း)

ပြောသာ ပြောရတာ ဒို့အစ်ကိုရေ.. ကျနော်တို့တွေလည်း တစ်ရက်တော့ ဒီလောကကနေ ပျောက်ကြရဦးမှာပဲလေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

တောင်ပေါ်သား said...

အကိုရေ ဟုတ်ပါတယ် အားလုံးက အလုပ်တွေကိုယ်စီနဲ့ဆိုတော့ အခက်အခဲလေးတွေ ရှိမယ်ထင်ပါတယ်။ အကိုတော်မောင်မျိုးနဲ့ ကိုမောင်ရင်ကိုတော့ အရမ်းလွမ်းနေမိဆဲပါ။ ဦးနာအောက်တောင်မှ မကူးလိုက်ရသေးတဲ့ အပိုင်းတွေ ရှိပါသေးတယ် တချိန်ပြန်ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

လေးစားလျက်
တောင်ပေါ်သား

MANORHARY said...

ဟိုတစ်နေ့က ပြာသို ဆိုတဲ့ ဘလော့ခ်လေးတစ်ခုတွေ့တာ အဲဒါ မောင်မျိုး ဘလော့ခ် လို့ သိလိုက်ရတယ် လင့်ခ်တော့ မမှတ်မိတော့ဘူး အမှတ်တမဲ့ရောက်သွားတာမို့..

နှင်းဟေမာ said...

အစ်ကိုရေ...
အသစ်လေးတွေ့တိုင်း အမြန်ဆုံးနည်းနဲ့ တော့ရောက်အောင်လာရတယ်..။
အစ်ကို့ရဲ့ မီးခိုးအူလာတဲ့ အတွေးအရေးလေးတွေ ကို သေသေချာချာ ဖတ်မှတ်သွားပါတယ်...။
သတိပြုသင့်သမျှလေးတွေကို ပြည့်ပြည့်စုံစုံထောက်ပြပေးသွားတာ အ၇မ်းကောင်းပါတယ် အစ်ကို...။
ခင်မင်လေးစားလျှက်ပါ......။နံမည်က စိတ်ဝင်စားစရာကောင်းမနေပေမယ့်
လမ်းကြုံခဲ့သည်ရှိသော် ၀င်လာခဲ့ဖို့လည်း မျှော်လင့်မိပါတယ် အစ်ကို...။
ညီမလေး နှင်းဟေမာ

ဆောင်းယွန်းလ said...

မောင်မျိုးက http://pyartho.mmgenius.com/ မှာရှိတယ်အကိုရေ...အရင်ကလိုတော့ပို့စ်တွေသိပ်မတင်ဖြစ်တော့ဘူး

kiki said...

ဟုတ်ပ အကိုငယ်ရေ ..မီးခိုးအူတယ်ဆိုလို့ 
ဘလောဂ်လောကကြီးကို နောက်တမျိုး တင်စားချင်သေးတယ် ..
ဘလောဂါ တွေ မှာလည်း မဆုံးနိုင်တဲ့ ဘဝသံသရာ ရထားကြီးပေါ် စီးနင်းလိုက်ပါလာကြတဲ့ ခရီးသည်တွေလိုဘဲ ..
တချို့ က ခရီးတို စီးကြ ။ တချို့ က ခရီးရှည် ။
အနှေးရထား ၊ အမြန်ရထား ဆိုသလို အမျိုးအစားလည်းစုံပါ့။ ရထားပေါ်မှာလည်း ကြော်ငြာစုံ နဲ့ ။ ပြီး ကိုယ့်အကြောင်း သူ့ အကြောင်း စကားလက်ဆုံ ပြောကြ နဲ့ ။ရှိတာလေးထုတ်ကျွေးကြနဲ့။ခင်သွားကြတော့လည်း နေရပ်လိပ်စာ အပြန်အလှန်ပေးကြ နဲ့ ။ ဆင်းရမဲ့  မှတ်တိုင်ရောက်တော့လည်း .......

ကိုယ်ဆင်းရမဲ့မှတ်တိုင် ဘယ်တော့ရောက်မလဲ တော့ မသိသေးဘူး ... :)
(အဲ .. မေ့လို့  ရထားလက်မှတ် မဝယ်ဘဲ စီးလာမိတယ် .. လက်မှတ်စစ်လာရင် ပုန်းနေအုံးမှ )... :((

Anonymous said...

ဘလော့တွေကို စ လည်ဖြစ်တုန်းကတော့ နာမည်လှတာကြည့်ပြီးလည်ဖြစ်တယ်..
နောက်တော့ အကို့လစ်စ်ထဲက ဘလော့တွေလည်ဖြစ်တာ အခု နှစ်ဆယ်လောက်ရှိမယ်..
အခုတော့ အလုပ်တွေရှုပ်နေလို့ အကို့ရဲ့  ကွန်မန့်မှာတောင် ဦးဆုံးမမန့်နိုင်ယုံမက ( ဦးဆုံး နောက်ဆုံး ဘယ်လိုဘဲ မန့်ရမန့်ရ ကိစ္စမရှိ )တနေ့ကိုလည်ဖြစ်တာ ၁၀ ခုတောင်မပြည့်ဖြစ်နေရောပေါ့...ကိုယ်စီကအလုပ်တွေနဲ့ဆိုတော့ ရေးသူဖတ်သူ ဒီလိုပါဘဲအကိုကြီး...ဘလော့ရေးတဲ့အတွက် ပိုက်ပိုက်များများ ရရင်ကောင်းမယ်လို့တောင် ညီမတွေးမိသေးတယ်....

mie nge

မမသီရိ said...

ကိုရင်. ၀င်ဆွေးနွေးတာလေး သဘောတူပါတယ် အကိုရေ..
ကူညီယိုင်းပင်းတဲ့ စိတ်ဓါတ်လေးကိုဖော်ပြတဲ့
ကိုယ်နှစ်သက်ရာ စိတ်ဝင်စားရာ ဘလော့လေး တွေကို ဆိုဒ်ဘားမှာ တင်ထားသူတိုင်း တကယ်ကျေးဇူးတင်မိတယ်

အဲဒီလို တင်ပေးထားတာမို့လို့ပဲ ကိုယ်တိုင်လဲ ဘလော့သစ်တွေ မသိဖူးသေးတဲ့ ဘလော့တွေရောက်ဖြစ်တာပါ

ကိုယ်တိုင်တော့ ကိုယ့်ဆိုဒ်ဘားမှာ ရှိတဲ့ ဘလော့တိုင်းလဲ မဖတ်ဖြစ်ပါဘူး

ဒါပေမဲ့ စိတ်ဝင်စားသူတွေကလစ်လုပ်ပြီး ဖတ်ဖြစ်အောင် စိတ်ဝင်စားဖွယ်ရာ ဘလော့လေးတွေကို link လုပ်ပေးထားဖြစ်ပါတယ်
ကိုယ်နဲ့ ခင်မှ. သိမှ ဘလော့ဂါ ရင့်မာ ကြီးတွေမှ ရယ်လို့ သဘောမထား ဖြစ်ခဲ့ဘူး

ပြီးတော့ အကိုပြောသလိုပဲ
အချိန်တွေ ရှားပါးပေမဲ့
ကိုယ့်ရင်ထဲက စီးကျလာတာတွေ ကိုယ်ဖန်တီးဖြစ်တာတွေ လာရောက်ပြီး မျှဝေခံစားပေးသူတွေ ရှိနေတာမို့ စိတ်ပင်ရကျိုး နပ်တယ်လို့ ထင်နေမိတယ်

အကြောင်းအမျိုးမျိုး ကြောင့်
နောက်ထပ် ပို့အသစ် လေး မထွက်လာတော့မဲ့ အချိန်ဟာ ဘယ်အချိန်လဲ လို့ မသိပေမဲ့
ခု ချိန်ထိတော့ ရင်ခုန်ခြင်းတွေ ခံစားချက်တွေ မျှဝေချင်စိတ်တွေနဲ့ ရှင်သန်ဆဲ ..

Nge Naing said...

ကိုအောင်သာငယ်ရေ
အများကြီး ပြောချင်တယ် ဒါပေမယ့် ကျွန်မလည်း အချိန်ရထားကြီးကို ပြေးလွှားလွှားနဲ့ စီးနေတဲ့ သူတယောက်ဆိုတော့ ရထားက ရှေ့မှတ်တိုင်မှာ ဆင်းရမှာမို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်လို့ ပို့စ်ကိုရော မှတ်ချက်တွေမှာ ရေးထားတာကိုပါ အသေအချာ ဖတ်သွားပြီး အသိအမှတ်ပြုကြောင်းနဲ့ ထပ်တူထပ်မျှ ခံစားရကြောင်းပဲ ပြောသွားပါရစေ။

ရေတမာ said...

အကိုရေ
နံပါတ် ၁ နဲ့ ၂ အယူအဆကို ထောက်ခံပါတယ်။ ပြီးတော့ စာဖတ်သူရဲ့ မုဒ် လည်းလိုသေးတယ်ထင်တယ်။
ဈန်မ၀င်ဘဲနဲ့ အသစ်တင်လို့သွားတယ် ကိုယ့်အကြိုက်နဲ့မတူရင် မဖတ်တော့ဘူး။ မုဒ်လေးရှိနေရင်တော့ ဘာရေးရေးထားထားဆုံးအောင်တော့ဖတ်ဖြစ်ပါတယ်။
နောက် ဆိုဒ်ဘားက လစ်တွေ တချို့ကတော့ မကီ ပြောသလို ရထားပေါ်ကနေဆင်းသွားကြတယ်။ တချို့ကတော့ ဆင်းသွားတယ် ဒါပေမယ့် တွဲပြောင်းစီးကြတယ်။ လင့်အသစ်ပေါ့ အလိုအခါကြတော့ လင့်အဟောင်းလေးတွေလည်း ကျန်နေတတ်တယ်ထင်တယ်။

ဒူကဘာ said...

ဒီအပါတ်ထဲ ပစ္စဖိတ် အနောက်ဖက်ခြမ်း မီးခိုးအူနေတာ
ကယ်လီဖိုးနီးယား တောမီးကြောင့် မဟုတ်ပဲ ကိုအောင့် လက်ချက်ကိုး....... မီးခိုးအူတာ တွေ့တိုင်း ဒီ .. လာလာကြည့် အုန်းမှ။

ကိုဟန် said...

1 Sep 09, 08:28 PM
ကိုဟန်: ဟုတ်ပါ့ အကိုရယ် ကျနော်လဲသဘောတူပါတယ် အကို၇ဲ့ အတွေ့ မီးခိုးကို ကျနော်တို့ အရင်က စာတစ်မျက်နှာရေးရဘို့အတွက် ငွေကုလူပန်း အချိန်တွေကုန်ကျဘူးတယ်နော် 56k လေးနဲ့ပေါ့ အခုတော့လဲရယ်စရာ

yangonthar said...

အစ်ကိုရေ
ဘလောဂါကြီးများရဲ့ အမြင်တွေ မေတ္တာတွေ စာပေ ကို မြတ်နိုးတဲ့စိတ်ထားတွေ အကြောင်း အမျိုးမျိုးကြောင့်ရပ်တန့် ပျောက်ကွယ်သွား
ကြတဲ့ ဘလောဂါတွေကို လွမ်းနေကြတာ
တွေဟာ အင်မတန် ပီတိဖြစ်စရာကောင်းပါ
တယ် .... သူတို့ တွေကို သတိတရ ရှိနေ
တယ်ဆိုတာ သိများသိရင် ဘယ်လောက်
တောင် ပျော်နေကြမလဲဗျာ .... အသစ်တွေ
ကို ဝမ်းသာ အဲလဲ ကြိုဆိုကြတာလည်း မင်္ဂလာ တစ်ပါးပါ အစ်ကို့ ရဲ့ အတွေးအမြင်
လေး ကို ဖတ်ရှုရင်း မှတ်သားစရာတွေနဲ့  အတူ ပြန်သွားပါတယ်
ခင်မင်လေးစားလျှက်
ရန်ကုန်သား
:D

ဇရာအို said...

တို့ကတော့ ကိုယ်ပိုင်ဘလော့ဂ်မရှိပေမဲ့ ရွာလည်ပြီး စာလိုက်ဖတ်တဲ့ ဘလော့ဂ်အာဂန္တုပေါ့ဗျာ၊ တို့ကြိုက်တဲ့ဘလော့ဂ်မျိုးက နောင်ဂျိန်ချတဲ့ဘလော့ဂ်မျိုးဗျ၊ အထူးသဖြင့် မွေးဌာနီ
မှာ ကြေးပြားတွေရင်ဘတ်ပေါ်တသီတတန်းချိတ်ပြီး ဘဝရှင်မင်းတရားဘွဲ့ကို ကိုယ့်ဖာသာကိုယ်မှည့်၊ ကျွန်သဘောက်လေးတွေမွေး၊ ပြီးရင်အဲဒီကျွန်လေးတွေကို အရိုးအရင်းလေး
ပစ်ပေးပြီး ဘလော့ဂ်ထောင်ခိုင်း၊ ဘုန်းတော်ဘွဲ့တွေသီကုံးခိုင်းတဲ့ဟာတွေကို နောင်ဂျိန်ဆော်နေတဲ့ ဘလော့ဂ်မျိုးတွေကိုကြိုက်တာ။ အဲလိုမျိုးဘလော့ဂ်ကလည်း ရှားရှားပါးပါး
လေးငါးခုလောက်ပဲရှိတာကိုး၊ သူတို့လည်း ရေးတတ်လိုက်တာဗျာ၊ တခါတလေဖတ်ရတာ ငယ်ထိပ်ကို ပိဿလေးနဲ့ထုသလား အောက်မေ့ရတယ်။ သူတို့အရေးသားများ ဖတ်လိုက်ရရင်
တို့မှာအစာကြေရင်ချောင်သဗျ။ ခုတော့ သူတို့လဲ ပေါ်မလာအတော်ကြာ ဖြစ်နေတော့၊ တို့မှာ ဦးချိန်တီလျက်ဆားလေးနဲ့ပဲ နှစ်ပါးသွားနေရတယ်ဗျာ။ သိတော့သိပါတယ်၊ ဒီအရေး
အသားလေးနဲ့တော့ တောင်လုံးကြီးကို မဖြိုနိုင်မှန်း၊ သို့ပေမဲ့ အားတော့တက်မိတာပေါ့။ သူတို့လဲ မနှေးအမြန် ပြန်လည်နောင်ဂျိန်ပလေးနိုင်ပါစေလို့ ဆုတောင်းရင်းနဲ့။

Anonymous said...

ကိုအောင်သာငယ်ရေ.. ဒီနေ့ညနေ အွန်လိုင်းခဏ၀င်လိုက်တော့ ဦးနော်က ဒီမှာဖတ်သွားကြည့်ဆိုပီး ပြလိုက်လို့ ရောက်လာတာ။
အကြောင်းအမျိုးမျိုးကြောင့်ပျောက်သွားခဲ့ပေမယ့် ဒီစာလေးကို ဖတ်လိုက်ရတဲ့ ခဏ ၀မ်းနည်း ၀မ်းသာဖစ်သွားတယ်။ အမှတ်တရရှိနေပေးတာ ကျေးဇူးတင်ပါတယ်။ ပြန်ရေးဖို့ အတွက် ကိစ္စ တစ်ခု မပြတ်သေးလို့ အချိန်ယူနေရတာပါ။ ဘာပဲဖစ်ဖစ် ..ဘာတွေဖစ်သွားလဲတောင်မသိတော့ဘူး။ အစ်ကို့စာလေးဖတ်ပီး ဟတ်ထိသွားတယ်။

ခင်မင်လေးစားလျက်
ခေးရော့စ်

little brook said...

စာရေးဆရာတွေလို ကလောင်ခွဲရေးထားသူဆို ပိုဆိုးမယ်နော်... အချိန်တွေပိုကုန်မယ် ဘာပြောပြော
ဘလော့ဂ်ဂါတွေများလာတာတော့ ကောင်းတယ် ...
ရွေးချယ်စရာ သင်ယူစရာပိုများလာတာပေါ့ဗျာ

ဂေါက်သီးနဲ့ရှောက်သီး said...

ကျနော်က အခုမှဘလော့ထဲကိုစ၀င်တာဆိုတော့ ဘာမှကောင်းကောင်းသိပ်မသိပါဘူး အကိုအခုလိုရေးပြရှင်းပြထားတော့ အရမ်းကိုကျေးဇူးတင်မိပါတယ် အခုပို့စ်လေးအတွက်ကျေးဇူးပါဘဲဗျာ

သုဏော်စိုင်း said...

ကျွန်တော်တို့ လို ဟိုဝင်ဒီထွက်ကောင်တွေလဲရှိသေးတယ်
အစ်ကိုရ...

ကိုရင်ညိန်း said...

1 Sep 09, 11:05 PM
ကိုရင်ညိန်း: ရောက်တယ် အကိုကြီးရေ .. တိုက်ဆိုင်တယ်ဗျာ.. ကျနော်တောင် ဘလောက်တတ်ရာရာ ဘာညာ ကွိကွ ၂ ..ဆက်ရေးနေတုန်း ဗျ.. အကိုကြီး အဆင်ပြေပါစေဗျာ အဟေးဟေး

ဆူးရင့် said...

2 Sep 09, 10:04 PM
ဆူးရင့်: ကိုအောင်သာငယ်ရေ .... ကျွန်တော် ရောက်လာပြီး ဘလော့တထောင်၊ ဆောင်သင့်သည်များနဲ့ ရပ်တန့်သွားသောစာမျက်နှာများကို ဖတ်သွားပါတယ်။ သဘောချင်းလည်း တိုက်ဆိုင်ပါတယ်။

မြတ်လေးငုံ said...

ဘလော့ကိုစရေးတာမကြာသေးပါဘူး
ဘလော့မရေးခင်ထဲကဒီဘလော့ကို
ခနခနအားပေးခဲ့တဲ့ကျမဟာခုကျမဘလော့
လေးကိုကိုယ်တိုင်လုပ်ဖြစ်ခဲ့ပါပြီး
လာလည်ပါလို့ပြန်ဖတ်ခေါပါတယ်ရှင်။
အဆင်အမြဲအားပေးလျှက်
မြတ်လေးငုံ

မြတ်လေးငုံ said...

ကိုအောင်သာငယ်ရေ..ဖိတ်ခေါတာနော်
ဖတ်ခေါတယ်ဖြစ်သွားလို့...
ပြန်ရေးတာပါ။

ခင်မင်လေးစားလျှက်

မြတ်လေးငုံ

စူး said...

ကိုအောင်သာငယ်က ဘလော့တွေ အတော်ဖတ်နီုင်တာပဲ
ပြောသာပြောတာ..ကျနော်လဲ ဖတ်တယ်..
ကော်မန့်မချန်တာပဲ ရှိတာ..

ဖတ်နေရတာကို ပိုနှစ်သက်လို့လေ..

ဟုတ်တယ် ကိုယ့်စိတ်နဲ့ ကိုက်တာတွေကိုတော့ ပိုနှစ်သက်တယ်..

အထူးသဖြင့် ကိုအောင်သာငယ် အမြဲရှယ်တတ်တဲ့ စာကောင်းတွေဆိုလည်း ဖတ်ဖြစ်တယ်။

အစက ဖတ်နေကျမှပျောက်သွားတယ်.အခု ပြန်လုပ်ပေးနေတယ်..အဲ့အတွက်ကျေးဇူး