Aug 25, 2008

ဘယ်သူ့မှ မျှော်မနေနဲ့ ကိုယ့်မီး ကိုယ်ငြှိမ်း

အားလုံးသိကြတဲ့အတိုင်း ဂမ်ဘာရီလည်း ပြန်ပါပြီ။

ဒီလိုပါပဲ-ဒေါ်လာစားပြီး ကုလ အကျိုး ထမ်းနေရတဲ့သူတွေ ဆိုတော့ သွားလိုက် ပြန်လိုက်ပေါ့လေ။ ဗမာ့ အကျိုးကို ထမ်းနေတာမှ မဟုတ်တာ။ ပြီးရင် သူ့လစာ သူထုပ်ပြီး ကုလ အကျိုးကိုပဲ ဆက်ထမ်းနေမှာပေါ့။ ဘလော့ တကာမှာလည်း သူ့လုပ်ရပ်ကို ဖော်ပြ၊ သူ့သမိုင်းကို ဖော်ပြနေကြတာပါ။ အဲလို ရေးသားနေကြတာကို တွေ့ကြ ဖတ်ကြရမှာပါ။ ဒါကြောင့် ကျနော်ကတော့ ဒီမှာ ဂမ်ဘာရီ အကြောင်း မပြောပါဘူး။ သိချင်ရင် တခြား ဘလော့တွေမှာ သွားဖတ်ကြပါ။ ဒီမှာ တခုဖတ်ကြည့်ပေါ့လေ။ ဟင်းလင်းပြင်မှာ ဒီလို ရေးထားပါတယ်။

ကျနော်တို့ ပြည်သူလူထု တရပ်လုံးဟာ စစ်အာဏာရှင်စနစ် အောက်က လွတ်မြောက်ချင်လှပါပြီ။ သို့သော်လည်း လွတ်မြောက်ဖို့ လမ်းဟာ အကြောင်းကြောင်းတွေကြောင့် နှောင့်နှေးနေပါတယ်။ ဒီအခါမှာ ဟိုလူ့ အကူအညီ ရနိုး ဒီလူ့ အကူအညီ ရနိုးနဲ့ လည်ပင်း တဆန့်ဆန့် လုပ်လာတတ်ကြတာ ဓမ္မတာပါပဲ။ ကုလသမဂ္ဂ တပ်ကြီးပဲ လာတော့မလား၊ အမေရိကန် တပ်ကြီးပဲ လာတော့မလား၊ လာပါစေ၊ ဘယ်သူလာလာ တို့ ဒုက္ခတွေက လွတ်ရင် ပြီးရော။ အီးယူက အကူအညီ ရရင် ကောင်းမယ်၊ ဂျပန်က ဖိအားပေးမှပါ၊ တရုပ်ကို လော်ဘီ လုပ်ရင်ကောင်းမယ်၊ အိန္ဒိယကလည်း ဖိအားပေးရင် ဘယ်လိုလဲ၊ အေစီယံက နည်းနည်း တွန်းအား ပေးလိုက် ရင်လည်း ကောင်းမယ်၊ စိတ်ဆန္ဒတွေကတော့ ဒီလိုပဲ စဉ်းစားမိမှာပါ။ အားလုံးက မီးလောင်နေတာကိုး။

ဟုတ်ကဲ့ပါခင်ဗျား - အားလုံး ကောင်းပါသည်။ သို့သော်လည်း ကျနော့် တဦးတည်း သဘောအရ ပြောရရင်တော့ - ဘယ်သူမှ လာမှာ မဟုတ်ပါ ခင်ဗျား။ ကုလသမဂ္ဂ တပ်ကြီးလည်း လာမှာ မဟုတ်သလို အမေရိကန် တပ်ကြီးလည်း လာမှာ မဟုတ်ပါဘူး။ ထပ်ပြောပါဦးမယ် - ဘယ်သူမှ လာမှာ မဟုတ်ပါခင်ဗျား။ ကမ္ဘာ့ ရွာကြီးမှာ ကျနော်တို့ အိမ်က မီး သူများအိမ်ကို မကူးမချင်း ဘယ်သူမှ လာငြိမ်းမှာ မဟုတ်ပါဘူး။ တခြား အိမ်တွေကို ကူးလောက်အောင် အိမ်ချင်း မနီးဘူး ဆိုတာ ကုလသမဂ္ဂရော၊ အမေရိကန်ရော၊ အီးယူရော၊ ဂျပန်ရော၊ တရုပ်ရော၊ အိန္ဒိယရော၊ အေစီယံရော သိပါတယ်။ ကိုယ့်အိမ်ကမီး ကိုယ်ကိုယ်တိုင်ပဲ ငြိမ်းရမှာပါ။

ကျနော့် အနေနဲ့ကတော့ ဒီမှာ ၄ ချက် ပြောချင်ပါတယ်။ (၁) ကုလသမဂ္ဂ၊ (၂)အမေရိကန်အပါအ၀င် ဥရောပနဲ့ အနောက်နိုင်ငံများ၊ (၃)ရုရှားနဲ့တရုပ်၊ (၄)အေစီယံအပါအ၀င် ဆက်စပ်နေသောနိုင်ငံများ - ဆိုပြီး ပြောချင်ပါတယ်။

၁၊ ကုလသမဂ္ဂ

ဗမာပြည်အရေးကို ကုလသမဂ္ဂကြီးက ဖြေရှင်းပေးလိမ့်မယ်လို့တော့ ဘယ်တော့မှ မမျှော်လင့်ပါလေနဲ့ခင်ဗျား။၊ ဗမာပြည်အရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် နံပတ် ထရီလီယံ တသိန်းသာ ပြည့်သွားပါ့မယ်။ ကြေငြာ စာရွက်တွေ ဆုံးဖြတ်ချက်တွေကို အများကြီး လိုက်ဖတ်နေရတာသာ အဖတ်တင်ပါလိမ့်မယ်။ ဗမာပြည် အရေးကတော့ ပြေလည်သွားမှာ မဟုတ်ပါဘူး။ နောက်လည်း ကုလသမဂ္ဂက ဆုံးဖြတ်ချက်တွေ ကြေငြာချက်တွေ ထပ်ထုတ်နေဦးမှာပါ။ ဘာလို့ဆို သူတို့ အလုပ်က ဒါလေးပဲရှိတာကိုး။ ခင်ဗျာများမှာ ဒေါ်လာ စားပြီး လုပ်နေရတာကိုး။ ကျနော်တို့ ဗမာပြည်သူတွေလို ငတ်ငတ်ပြတ်ပြတ်နဲ့ အသက်ရှင်နေရတာမှ မဟုတ်တာ။ ကြေငြာချက်တွေ ထုတ်မယ် - ဗမာပြည်၌ ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့ကြီး အနေဖြင့် ထုံးစံအတိုင်း အလွန်အမင်း ၀တ်ကျေတမ်းကျေ စိုးရိမ်ပူပန်မိပါကြောင်း။ ပြီးရင် ကိုယ်စားလှယ်တွေ လွှတ်မယ်၊ မလွှတ်ရင် အများ ပြောတာခံရမှာကိုး။ အများ အပြောတော့ မခံနိုင်ပါဘူး - လခစားထဲက တယောက်ယောက်ကိုတော့ ကုလ ကိုယ်စားလှယ် အထူးသံတမန် ဆိုပြီး ထုံးစံအတိုင်း ၀တ်ကျေ တမ်းကျေ လွှတ်လိုက်ဦးမယ် - ဒါပါပဲ ကုလသမဂ္ဂက လုပ်နေတာ။ နှစ်ပေါင်း ၂၀ ရှိသွားပြီ။ အဲတော့ ကုလသမဂ္ဂကို မျှော်မနေကြပါနဲ့တော့။ ပြီးတော့ ကုလသမဂ္ဂကြောင့် စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက် သွားခဲ့တဲ့ နိုင်ငံရယ်လို့ကမ္ဘာ့သမိုင်းမှာလည်း မရှိသေးပါဘူး။

၂၊ အမေရိကန် အပါအ၀င် ဥရောပနဲ့အနောက်နိုင်ငံများ

အမေရိကန်ကတော့ ကမ္ဘာ့ ပုလိပ်ကြီး။ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး။ နေရာတကာမှာ သူ့ခြေ သူ့လက်။ ဆိုတော့ - ဗမာပြည်ကိစ္စလည်း သူ ၀င်ပါရမှာပေါ့လေ။ ဟုတ်ပါတယ်။ သူ ၀င်ပါပါတယ်။

သို့သော်လည်း သူနဲ့ ပတ်သက်လို့ သေသေချာချာလည်း ပြန်လေ့လာဖို့လိုပါလိမ့်မယ်။ ၁၉၆၂ နေ၀င်း အာဏာသိမ်းပြီးကတည်းက ဗမာပြည်မှာ နေ၀င်းက ဆိုရှယ်လစ် စနစ်ဆိုပြီး တည်ထောင်လာတာပါ။ အမေရိကန်ဟာ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေကို ရန်သူသတ်မှတ်ထားတဲ့ နိုင်ငံပါ။ တခါ ပြန်ကြည့်ရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကျင့်သုံးနေပါတယ်ဆိုတဲ့ နေ၀င်းရဲ့ မဆလ စစ်တပ်နဲ့ တလျှောက်လုံး တိုက်ခိုက်နေခဲ့တာက ဗမာပြည် ကွန်မြူနစ်ပါတီသာ ဖြစ်ပါတယ်။ တရုပ်နယ်စပ်မှာ ဌာနချုပ်တည်ပြီး မဆလကို တိုက်နေခဲ့တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီဟာ ကျောထောက်နောက်ခံ အမှန်လိုပါတယ်။ တရုပ်ကွန်မြူနစ်တွေက ကျောထောက်နောက်ခံ ပေးနေခဲ့တာပါ။ ဒီအခါမှာ ဆိုရှယ်လစ် စနစ်ရဲ့ ရန်သူဖြစ်တဲ့ အမေရိကန်က DEA ခေါင်းစဉ်အောက်မှာ မဆလအစိုးရကို ဗကပတွေကို တိုက်ဖို့ စစ်လက်နက် ခဲယမ်းမီးကျောက် ငွေကြေးတွေ ပံ့ပိုးပေးခဲ့တာ ဘာကြောင့်ပါလဲ။ ရှင်းပါတယ် - သူ့ရန်သူ ကွန်မြူနစ်တွေ ခေါင်းမထောင်လာနိုင်အောင်ပါပဲ။ နေ၀င်းရဲ့ မဆလ အစိုးရဟာ ဆိုရှယ်လစ် အရေခြုံထားတဲ့ ဖက်ဆစ်တွေဆိုတာ အမေရိကန်က သိပါတယ်။ ဒါကြောင့်မို့ ကွန်မြူနစ်တွေကို တိုက်နေတဲ့ မဆလ အစိုးရကို ကူညီပေးခဲ့တာပါပဲ။

အမေရိကန်အပါအ၀င် အီးယူအဖွဲ့ဝင်တွေအားလုံးဟာ ဟိုးတုန်းက NAM ခေါ်တဲ့ ဘက်မလိုက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဗမာပြည်ကို သိပ်ဂရု မစိုက်ခဲ့ပါဘူး။ နေ၀င်းအာဏာသိမ်းပြီးတဲ့အခါ NAM က ထွက်လိုက်ကတည်းက ဗမာပြည် ဘယ်သွားမလဲ။ သူတို့ စောင့်ကြည့်နေခဲ့တာပါ။ ခုတော့ န၀တ၊ နအဖ ဟာ တရုပ်ကွန်မြူနစ်တွေနဲ့ နီးစပ်လာနေပါတယ်။ ကွန်မြူနစ်တွေဆိုတာ အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေ အားလုံးရဲ့ နိုင်ငံရေး ရန်သူပါ။ ခုအခါမှာတော့ ကွန်မြူနစ် တရုပ်ပြည်ရဲ့ သြဇာအောက်မှာ ဗမာပြည် ကျရောက်သွားမှာ သူတို့ အားလုံးက မလိုလားပါဘူး။ ဒါကြောင့် ပါဝင်ပတ်သက်နေတာပါ။ သူတို့အတွက် ဗမာပြည်မှာ တခြား ဘာအကျိုးစီးပွားမှ မရှိပါဘူး။ ဒါကို နားလည်ရမယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် အီရတ်မှာလို အမေရိကန် တပ်ကြီး နေတိုးတပ်ကြီး ဗမာပြည်ကို ၀င်လာလိမ့်မယ်လို့ ဘယ်တော့မှ စိတ်ကူး မယဉ်စေချင်ပါ။ တခုတော့ ရှိတာပေါ့လေ အကယ်၍ ပေါက်ဖော်တပ်ကြီး ဗမာပြည်ကို ချီတက်လာရင်တော့ မပြောတတ်ဘူး။

၃၊ ရုရှားနဲ့တရုပ်

ဒီနိုင်ငံတွေကတော့ အားလုံးသိကြတဲ့အတိုင်း ကိုယ့်လွတ်မြောက်ရေးကို ကိုယ်တိုင် သွေးချွေးတွေနဲ့ တိုက်ယူပြီး အကြီးမားဆုံး အောင်ပွဲတွေ ရလာခဲ့တဲ့ နိုင်ငံတွေပါပဲ။ ကွန်မြူနစ်နိုင်ငံတွေလည်း ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိ အခြေအနေမှာ ဒီနိုင်ငံတွေရဲ့ ပြည်သူလူထုတွေမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ဆိတ်သုဉ်းနေပါတယ်။ ဒီမိုကရေစီ တောင်းတဲ့ လှုပ်ရှားမှု မှန်သမျှကိုလည်း ဗမာအစိုးရလိုပဲ အကြမ်းဖက် နှိပ်ကွပ်နေတဲ့ နိုင်ငံတွေပါပဲ။ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတွေပီပီ သူတို့ အနီးအနားက နိုင်ငံတွေမှာ ဒီမိုကရေစီ လှုပ်ရှားမှုတွေ ဖြစ်ပွားလာတိုင်း မျက်ခုံးလှုပ်နေရတဲ့ နိုင်ငံတွေပါ။ သူတို့ရဲ့ သြဇာအာဏာကို သုံးပြီး ဒီလို နိုင်ငံတွေက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားနည်းသွားအောင် လုပ်လေ့ရှိပါတယ်။ ဒါကြောင့်မို့လည်း ဗမာပြည်အရေးကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးဆုံးဖြတ်ကြတော့ ဒီ၂ နိုင်ငံက ကန့်ကွက်ခဲ့တာပါပဲ။ တခြား ဘာမှ ထွေထွေထူးထူး စဉ်းစားစရာ မလိုပါဘူး။

တခုရှိတာက ရုရှားက ဗမာပြည်နဲ့ နယ်နိမိတ်ချင်း မဆက်စပ်နေဘူး။ သည်တော့ သူက သိသိသာသာကြီး တိုက်ရိုက်ပါဝင် ပတ်သက်မှု သိပ်မရှိပါဘူး။ တရုပ်ကတော့ ဗမာပြည်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတော့ ဗမာပြည်က ခြံစည်းရိုးပြိုရင် သူ့ဘက်ကို လဲကျမှာ စိုးရိမ်နေရပါတယ်။ ဥပမာ - ဗမာပြည်က ၈၈ အရေးတော်ပုံကြီး အပြီးမှာ တရုပ်ကျောင်းသားများကလည်း ဗမာပြည်ကို နမူနာယူပြီး တိန့်အန်းမင်း အရေးတော်ပုံကို မွေးဖွားခဲ့ကြပါတယ်။ တင့်ကားနဲ့ တက်ကြိတ်ပြီး အဲဒီအရေးတော်ပုံကို နှိမ်နင်းခဲ့တဲ့ တရုပ်ကွန်မြူနစ် အစိုးရဟာ ဗမာပြည်မှာ ဒီမိုကရေစီထွန်းကားတာကို မြင်ချင်မယ်လို့ ခင်ဗျားတို့ ထင်ပါသလား။ ကျနော်ကတော့ မထင်ပါခင်ဗျား။ ဒါကြောင့်လည်း ဗမာပြည်ကိစ္စတိုင်းမှာ တရုပ်က ကန့်လန့် ကန့်လန့် လုပ်နေတာ အထင်အရှားပါပဲ။ နောက်တခုက သူ့ရဲ့နိုင်ငံရေးရန်သူကြီးဖြစ်တဲ့ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကိုလည်း ဗမာပြည်မှာ သူမမြင်ချင်တာ အမှန်ပါပဲ။ ဒါကြောင့်လည်း န၀တ၊ နအဖ အစိုးရကို စစ်လက်နက်တွေ ရောင်းပြီး ကျောထောက်နောက်ခံပေးနေခဲ့တာပါပဲ။ အဲတော့ ဗမာပြည် ဒီမိုကရေစီရေးအတွက်တော့ တရုပ်နဲ့ ရုရှားကို ဘယ်တော့မှ ထည့်တွက်လို့ ရမှာ မဟုတ်ပါဘူး။

၎၊ အေစီယံအပါအ၀င်ဆက်စပ်နေသောနိုင်ငံများ။

အေစီယံနိုင်ငံတွေကတော့ အားလုံးသိတဲ့ အတိုင်းပါပဲ ၁၉၆၇ က စခဲ့တဲ့ မူရင်းနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ထိုင်းနိုင်ငံက ဆရာကြီးတွေပါပဲ။ ပြီးတော့မှ ၁၉၈၄ မှာ ၀င်လာတဲ့ ဘရူနိုင်း၊ ၉၅ မှာ ဗီယက်နမ်၊ ၉၇ မှာ ဗမာနဲ့ လာအို၊ ၉၉ မှာ ကမ္ဘောဒီးယား - အားလုံး ဆယ်နိုင်ငံ။ အဲဒီမှာ အဓိက ပေါ်လစီချနေသူတွေကတော့ ဆရာကြီးနိုင်ငံတွေပါပဲ။ ပြန်ကြည့်လိုက်ရင် ဒီနိုင်ငံတွေ အားလုံးကလည်း အာရှရဲ့ ကျားတွေ ဖြစ်ချင်နေတဲ့ နိုင်ငံတွေချည်းပါပဲ။ ဂျပန်လို၊ တောင်ကိုရီးယားလိုမျိုး ဖြစ်ချင်နေကြတယ်။ အဲဒီအတွက် သူတို့ လိုအပ်မယ့် အရင်းအမြစ်တွေ ရနိုင်မယ့် နိုင်ငံတွေကို လိုအပ်လာတယ်။ ဒီအခါ အရပ်စကားနဲ့ ပြောရရင် ပြည်တွင်းစစ်တွေနဲ့ နာလန်မထူနိုင်တဲ့ နိုင်ငံတွေကို အဖွဲ့ဝင်အဖြစ် ပေးဝင်ပြီး ဆွဲစားနေတာပါပဲ။ ဒီလိုနဲ့ လာအို၊ ဗီယက်နမ်၊ ဗမာနဲ့ ကမ္ဘောဒီးယားကို ၉၅ ကျော် နှစ်တွေမှာ ပေးဝင်ခဲ့တာပါပဲ။

သို့သော်လည်း သူတို့ လိုအပ်နေတဲ့ ရင်းမြစ်တွေရဖို့ကတော့ သက်ဆိုင်ရာ နိုင်ငံက အစိုးရတွေနဲ့ အကြောင်းအပေါင်း သင့်မှလည်း ရမှာ မဟုတ်လား။ ဒါကြောင့်လည်း ဗမာ့အရေးမှာ သည်နိုင်ငံတွေက ကန့်လန့်ကန့်လန့် ပါနေတာပဲဖြစ်ပါတယ်။ ဟိုးတလောက သူတို့တင်ခဲ့တဲ့ အပြုသဘော ချဉ်းကပ်ရေးမူ (Constructive Engagement) ဆိုတာ တကယ်ကတော့ သူတို့ အကျိုးစီးပွားတွေ အတွက် အခြေခံပြီး ချထားခဲ့တာပါ။ ဗမာပြည်မှာ ဒီမိုကရေစီရသွားရင် အရင်က သူတို့ ရခဲ့တဲ့ အကျိုး အမြတ်တွေ အရင်လို မရနိုင်ဘူးဆိုတာ သူတို့ သိပါတယ်။ ဥပမာ- အနီးဆုံး ထိုင်းနိုင်ငံလိုပေါ့။ အကယ်၍ ဗမာပြည်မှာ ဒီမိုကရက်တစ် အစိုးရတရပ် ပေါ်ပေါက်လာရင် အခု သူတို့ ရနေတဲ့ ဈေးအပေါဆုံး အလုပ်သမားတွေကို ဆက်ရတော့မှာ မဟုတ်ပါဘူး။ အကျိုးဆက်အနေနဲ့ စီးပွားရေးဆိုင်ရာမှာ အဆောက်အအုံ တခုလုံးကို ထိခိုက်လာမှာ ဖြစ်တယ်ဆိုတာ သူတို့ သိပါတယ်။ ဗမာပြည်ကို ဒီမိုကရေစီ မရစေချင်ဆုံး နိုင်ငံဟာ ထိုင်းနိုင်ငံပါလို့ ကျနာ် ပြောရင် လွန်များသွားမလား။

ဆက်ပြောရရင် အေစီယံရဲ့ အခန်းမှာ တခြားအာရှနိုင်ငံတွေက ပါဝင် ပတ်သက်နေတာကလည်း ရှိပါသေးတယ်။ ဘာလို့လဲ ဆိုတော့ ASEAN + 3 လို့ ခေါ်နေတဲ့ တရုပ်၊ ဂျပန်၊ တောင်ကိုရီးယား။ နောက်တခါ East Asia Summit မှာ ပါဝင်နေတဲ့ ASEAN + 3 အပြင် အိန္ဒိယ၊ သြစတြေလျနဲ့ နယူးဇီလန် နိုင်ငံတွေပါ ပါဝင် ပတ်သက် နေလို့ပါပဲ။

ဗမာပြည်မှာ ရှိနေတဲ့ တရုပ်ရဲ့ အကျိုးစီးပွားကိုတော့ အထက်မှာ ပြောခဲ့ပြီးပါပြီ။ ခုတော့ အနီးအနားက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပြီးတော့ ခပ်လှမ်းလှမ်းက တောင်ကိုရီးယားနဲ့ ဂျပန်၊ အဝေးက သြစတြေးလျနဲ့ နယူးဇီလန်တို့ရဲ့ အကျိုးစီးပွားတွေကိုလည်း ပြန်ကြည့်ရပါဦးမယ်။ အားလုံးကတော့ ကိုယ့်နိုင်ငံအကျိုးစီးပွားပေါ်မှာ အခြေခံပြီး ဗမာပြည်နိုင်ငံရေးကို လှည့်ကစားနေကြတာပါပဲ။ သို့သော်လည်း တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ် နဲ့ နယူးဇီလန် ကတော့ နိုင်ငံရေးအရ သိပ် ပြီး မပတ်သက်လှပါဘူး။ ကျန်တဲ့နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဂျပန်နဲ့ သြစတြေလျနိုင်ငံတွေကသာ တိုက်ရိုက် ပတ်သက်နေတာပါ။

အိန္ဒိယကတော့ ရုရှသြဇာခံနိုင်ငံပီပီ တရုပ်သြဇာရှိနေတဲ့ ဗမာပြည်ကို သူ့အကျိုးစီးပွားပေါ်မူတည်ပြီး န၀တ၊ နအဖ စစ်အုပ်စုကို တမျိုး၊ ဒီမိုကရေစီ အင်အားစုတွေကို တမျိုး ဆက်ဆံနေတာပါ။ သို့သော်လည်း သိသိ သာသာကြီး ပြောရလောက်အောင်တော့ ထူးထူး ခြားခြားတွေ မလုပ်ပါဘူး။ ဂျပန်ကတော့ ဒုတိယ ကမ္ဘာစစ် တုန်းက သူကိုယ်တိုင် ကျူးကျော် သိမ်းပိုက်ခဲ့ဖူးတဲ့ နိုင်ငံဖြစ်လေတော့ ဗမာပြည်အကြောင်းကို သိပါတယ်။ သူ့အတွက် ဘယ်လို အရင်း အမြစ်တွေ ရနိုင်မယ်ဆိုတာ သူသိပါတယ်။ သည်အပေါ်မှာ အခြေခံပြီး စစ်အစိုးရကို အလျှော့အတင်းလေးတွေ လုပ်နေတာပါပဲ။ သည့်ထက်ပိုပြီး ဒိမိုကရေစီ အင်အားစုတွေအတွက် သူလည်း ဘာမှ မလုပ်ပါဘူး။ အော်ဇီကတော့ အီးယူမှာလည်း ပါလို့ မရ။ အနောက်နိုင်ငံတွေကလည်း ဘယ်ထဲမှ မထည့်၊ အေစီယံထဲလည်း ၀င်ပါချင်ပေမယ့် ပါလို့မရနဲ့ ကြားလွတ်နေတဲ့ နိုင်ငံပါ။ ဒါကြောင့်မို့ ဗမာ့အရေးကို တခြားနိုင်ငံတွေထက် ပိုပြောလေ့ရှိပါတယ်။

-----

ဘယ်လိုပဲ ပြောပြော။ အထက်မှာ ပြောခဲ့တဲ့ နိုင်ငံတွေအားလုံးဟာ ဗမာပြည်အရေးကို သူတို့ အကျိုးစီးပွားနဲ့သာ ယှဉ်ပြီး ပတ်သက်နေကြတာဖြစ်ပါတယ်။ သူတို့ အကျိုးစီးပွား မရှိရင် လှည့်ပြီး (စကားရိုင်းရိုင်းပြောရရင် ကျင်ငယ်တောင် စွန့်မှာ မဟုတ်ပါဘူး) ကြည့်မှာ မဟုတ်ပါဘူး။ ဒါကို သဘောပေါက်ပြီး ကိုယ့်အရေးကို ကိုယ့်အား ကိုယ်ကိုးပြီး ဆောင်ရွက်ကြပါလို့ပဲ ပြောချင်ပါတယ်။ ဘယ်နိုင်ငံကိုမှ မျှော်မနေကြပါနဲ့။ ကိုယ့်မီးကို ကိုယ်ကိုယ်တိုင်ပဲ ငြှိမ်းရမှာဖြစ်ကြောင်း မောင်းခတ်ပါရစေခင်ဗျား။

8 comments:

kay said...

အဲဒီ အချက် ကိုပဲ..ဒေါ် စုက..အသံတိတ် အချက် ပြ လိုက်တာပါပဲ။

နိုင်ငံတခုက..တခြားတခု ကို ..ပါဝင်ပတ်သတ်ဖို့ဆိုတာ.. အကျိုး တစုံတရာ-စိတ်ဝင်စားစရာ တခု ခု ရှိမှ..ထိထိရောက် ရောက် ရှိမယ်ဆိုတာ.. အသေအချာ ပါပဲ။

တရုတ်က..ဗမာ ပြည်ကို လွှမ်းမိုးချင် ရတာ လည်း.. energy security ကို အခြေခံတဲ့ neo-imperialsim လည်း..တခု လည်း ပါကောင်း- ပါ လိမ့်မယ်။ စစ်တွေ ဆိပ်ကမ်းကနေ.. ယူနန် အထိ ဖြတ်ဖောက်မဲ့..ကုန်သွယ်ရေး လမ်းကြောင်းကြီး နဲ့ ပိုက်လိုင်း ပရောဂျက် က.. တရုတ် အတွက်.. သိပ်ကို အရေးပါ နေပါတယ်။

(PS. ဒီတခါ ရှည်ရှည်ဝေးဝေး.. လေး၂နက်၂ တွေ ရေးထားလို့- နက်၂ လေး၂..ဖြစ် အောင်..မနည်း ကြိုးစား မှတ်ချက် ပေးလိုက်ပါတယ်။း)

Moe Cho Thinn said...

ဟုတ်ပါ၏ မှန်ပါ၏ ထောက်ခံပါ၏

Anonymous said...

အကိုပြောတာ သဘာဝတော့ကျပါတယ်
ဘ၀မှာ လက်တွဲဖော် လိုသလို
တော်လှန်ရေးမှာလည်း အားပေးဖော်လိုပါတယ်
ခက်တာက ဗာမာ လူမျိုးက ကြောင်နဲ့ခွေးလိုပါပဲ

ကိုအောင် said...

အကို ရေးထားတာတွေက ကွက်တိပဲ၊ ကောင်းတယ်အကိုကြီး။

ကလူသစ် said...

ကိုယ့်အိမ်က မီး ကိုယ်ငြှိမ်းဖို့ ကိုယ့်အတ္တမာနမီး ကိုယ်အရင်ငြှိမ်းရအုန်းမယ်ဗျ။

Kaung Kin Ko said...

အစ်ကိုရေးထာတာ ကောင်းလိုက်တာဗျ။ စိတ်ထဲမှာ ရှင်းသွားတာပေါ့။

Anonymous said...

မသိတာတွေသိလိုက်ရတယ်.....အစ်ကို..
နောက်ပြီး ...ခုလိုရေးလိုက်ရလို့ အစ်ကိုလဲရင်ထဲတော့ ပေါ့သွားမှာပါ....

ATN said...

မကေ - မှတ်ချက် လေးလေးနက်နက်ကြီးအတွက် ကျေးဇူးပါ။
ညီမချိုသင်း - ကျေးဇူးတင်ပါ၏။
ရန်နိုင် - အေးဆေးစဉ်းစားပါဦး စကားပြောမစောနဲ့လေ။
ကိုအောင် - ကွန်မန့်ပေးတာ ကျေးဇူး။
ကလူသစ် - အနီးဆုံးမီးကိုအရင်ငြှိမ်းပေါ့ဗျာ။
ညီကောင်းကင်ကို - ရှင်းလေကောင်းလေပေါ့ကွယ်။
ညီမ mirror - ရင်ထဲမှာတော့ ပိုလေးလာသလိုပဲ။